ရွှေကူမြို့တွင် ယနေ့နံနက်က KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

အမှတ် (၁) ခုံခမ်းရပ်ကွက်ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း လက်နက်ကြီးလေးလုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ခြံဝန်းအတွင်းရှိနေသူတစ်ဦးနှင့် နွားနှစ်ကောင်ကို လက်နက်ကြီးစထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်အနောက်ကိုကျတာပေါ့ တစ်နေရာတည်းတော့မဟုတ်ဘူး။ နည်းနည်းအရှိန်လျော့တဲ့ဟာနဲ့ အရှိန်ပြင်းတဲ့ဟာ အားလုံးပေါင်း လေးလုံးကျတာ။ မနက်စောစောလေးပါ့ ကျွန်တော်လည်း ကြောက်အားလန့်အားနဲ့ နာရီတောင် မကြည့်ဖြစ်ဘူး” ဟုပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦး ဝမ်းဗိုက်တွင် လက်နက်ကြီးစထိမှန်ခဲ့ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ဒေသခံများထံက သိရသည်။

ရွှေကူမြို့နှင့် တစ်မိုင်ကျော်ဝေးသည့် ငါးဘတ်ကြီးကျေးရွာတွင် ယနေ့နံနက်က စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေချိန် မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီး ပစ်ကူခဲ့ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ မြို့ထဲ အမှတ် (၂) ဘုရားကုန်းရင်ပြင် ကွင်းပြင်ကနေ တိုက်ပွဲဖြစ်နေတဲ့နေရာဘက်ကို ထုတာ။ သူ့ရဲ့ကျည်က ဓာတ်ဘူးလုံးလောက်ရှိတယ်လို့ မြင်တဲ့သူတွေက ပြောတာပဲ” ဟုဆိုသည်။

ထို့အပြင် မြို့အတွင်းလှည့်လည်ကာ သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး လမ်းများကိုလည်းပိတ်ထားခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ငါးဘတ်ကြီးကျေးရွာရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA နှင့် KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တာဝါတိုင်အပါအဝင် စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူများက The 74 Media ကို အတည်ပြုပြောဆိုထားသည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ