ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ကြား ယနေ့ နံနက်ပိုင်းမှစတင်ကာတိုက်ပွဲအပြန်အလှန်ဖြစ်ပွားခဲ့သည့် မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သောကြောင့် KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

မလိယန်ကျေးရွာနှင့် ဂျာပူကျေးရွာတို့တွင် တစ်နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KIA သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“လေယာဉ်တစ်စီးရောက်တယ် မလိယန်မှာလာချသွားတာ။ ဂျာပူမှာလည်းချသွားတယ် ကျွန်တော်တို့မိတ်ဆွေတွေနေတဲ့နေရာမှာလည်း ချသွားတာ။ ဂျာပူမှာတစ်ယောက်ထိသွားတယ် ကျွန်တော်တို့ဘက်က” ဟုပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်က အတွဲလိုက်ပစ်ဒုံးတင်ယာဉ်များကိုလည်း အသုံးပြုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အခြား KIA သတင်းရင်းမြစ်တစ်ဦးက ဆက်ပြောသည်။

“အတွဲလိုက်ပစ်တဲ့ ဟောင်ဇာတွေနဲ့ပစ်နေတာ ဒီမနက်တုန်းက။ အဲ့ဒါပစ်ပြီး မကြာဘူး တိုက်လေယာဉ် ပြန်လာခဲ့တာ။ လောလောဆယ်တော့ ငြိမ်နေတယ်” ဟုဆိုသည်။

ရွှေကူမြို့နယ် ငဘတ်ဝကျေးရွာအနီးရှိ စစ်ကောင်စီတပ်စွဲထားသော ဒေသအခေါ် တာဝါတိုင်စခန်းကို ယနေ့ နံနက် ၅ နာရီခန့်က KIA ပူးပေါင်းတပ်များ သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ကချင်ပြည်နယ်တွင် ယခုလပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KIA တို့ကြားတိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကလည်း KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်အင်အားဖြည့်တင်းမှုများ ဆက်တိုက်ပြုလုပ်နေသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ