သံတောင်ကြီးမြို့မြောက်ပိုင်း တောင်ငူ – လိပ်သို – လွိုင်ကော်လမ်းရှိ ကျေးရွာလေးရွာမှ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံပြည်သူများ စစ်ရှောင်ကာလကြာမြင့်လာသောကြောင့် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။

သုံးလကျော်ကြာ တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် ယာဒို၊ ကလေထ၊ ဝါသောခိုနှင့် ပရယ်စို ကျေးရွာတို့မှ အိမ်ထောင်စု ၂၅၀ ခန့်မှာ သန့်စင်ခန်းမရှိသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု ပရယ်စိုဒေသခံ စစ်ရှောင်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခုကာလက ရာသီတုပ်ကွေးလူနာများတယ် ဆေးကတော့ လိုအပ်တာပေါ့။ အိမ်သာကျတော့ တောတိုးဖြေရှင်းလိုက်ကြတာပဲ။ လမ်းတွေမှာ စစ်တပ်ကကင်းပုန်းလာဝပ်နေတာလည်းရှိတော့ အလှူရှင်တွေလည်း မလာရဲကြဘူး။ ရွာတွေထဲတော့ ဘယ်သူမှ ပြန်မနေရဲသေးဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်က အဆိုပါဒေသများတွင် ဆန်နှင့် စားနပ်ရိက္ခာသယ်ယူခွင့်ကန့်သတ်ထားပြီး လမ်းခရီးတွင် စစ်ဆေးမှုများ ပြုလုပ်နေသောကြောင့် စစ်ရှောင်ပြည်သူများ အကူအညီရရှိရန် ခက်ခဲနေခြင်းဖြစ်ကြောင်း Tun Myanmar Donation မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တောတောင်ထဲခိုလှုံလာတာ တော်တော်ကြာနေကြပြီပေါ့။ အဓိကဆေးဝါးတွေ ပြီးတော့ ကျန်းမာရေးအတွက် အိမ်သာတွေလိုအပ်နေတယ်။ အမိုးအကာတွေကတော့ လိုအပ်တာပေါ့။ လှူမယ့်သူတွေလည်း မလာရဲကျတော့ သူတို့အခက်ခဲတွေ တော်တော်ဖြစ်နေတယ်” ဟု သူကပြောပါသည်။

စစ်ရှောင်ပြည်သူများအတွက် ကူညီလိုပါက https://www.facebook.com/tunmyanmardonation သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။

အဆိုပါစစ်ရှောင်ပြည်သူများမှာ ပြီးခဲ့သည့် ဇူလိုင်လက ယာဒိုကျေးရွာအထက်ရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့သောကြောင့် ယာဒိုကျေးရွာအပါအဝင် ရွာပေါင်းလေးရွာမှာ ဒေသခံ နှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်သည့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ၏ စာရင်းများအရ ပြည်တွင်းနေရပ်စွန့်ခွာရသူ နှစ်သန်းနီးပါးရှိလာပြီး ၁ ဒသမ ၇ သန်းခန့်မှာ စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း – Har Na

ပုံ – Tun Myanmar Donation

 

သင့်ထင်မြင်ချက်ရေးပေးပါ