ရွှေကူမြို့နယ်၊ ငဘတ်ဝကျေးရွာတွင် စစ်ကောင်စီတပ်က စခန်းချထားသော ဒေသအခေါ်တာဝါတိုင်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်တို့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

ရွှေကူမြို့ လေးလမ်းဆုံအနီးရှိ စစ်ကောင်စီတပ်စွဲထားသောနေရာတွင် ယနေ့ နံနက် ၅ နာရီခန့်မှ စတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည် KIA ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“ရွှေကူကနေ ဗန်းမော်ဘက်သွားတဲ့ လေးလမ်းဆုံဆိုတဲ့နေရာရှိတယ်။ အဲ့နားမှာ ငဘတ်ဝကျေးရွာရှိတယ် အဲ့အထက်မှာ တာဝါတိုင်စောင့်တဲ့ စစ်တပ်ရှိတယ် အဲ့နေရာကိုသွားတိုက်တာ” ဟုပြောသည်။

အင်အား ၆၀ ခန့် စခန်းချထားသောနေရာကို KIA တပ်ရင်း ၁၂ နှင့် KPDF ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားနေရသည်ဟု ရွှေကူဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက်တိုက်ပွဲဖြစ်တာ အခုလည်းတိုက်နေတုန်းပဲ လက်နက်ကြီးသံတွေလည်းကြားနေရတယ်။ အခုက အသံတောင်ပိုကြားလာရတယ်။ ငဘတ်ဝကျေးရွာကနေလည်း စစ်ကောင်စီတွေ လက်နက်ကြီးနဲ့ ပစ်နေတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် တာဝါတိုင်အပါအဝင်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖြစ်စဉ်နှင့်နီးစပ်သူများက The 74 Media ကို အတည်ပြုပြောဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၄ ရက်နေ့ကလည်း ရွှေကူမြို့ အမှတ် ၃ ရပ်ကွက်ရှိ မြို့မရဲစခန်းကို မြို့လှ KPDF တပ်ဖွဲ့က မောင်းသူမဲ့ယာဉ်ငယ်ပေါ်မှ ဗုံးသုံးလုံးထက်မနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော ရွှေကူမြို့၊ ကျောက်ကြီးကျေးရွာရှိ ရဲစခန်းကိုလည်း စက်တင်ဘာလ ၁ ရက်နေ့က မြို့လှ KPDF တပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်။

သတင်း – Doi Awng

 

သင့်ထင်မြင်ချက်ရေးပေးပါ