စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့သည့် ယင်းမာပင်မြို့နယ် သဲကုန်းကျေးရွာတွင် ယမန်နေ့ နံနက်က ရိုက်နှက်နှိပ်စက်သတ်ဖြတ်ခံထားရသည့် ဒေသခံခြောက်ဦး၏ အလောင်းများတွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၅ ရက်နေ့က သဲကုန်းကျေးရွာတွင် ညအိပ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာအရှေ့ဘက်သို့ အထွက်ပြကာ နောက်ချန်စစ်ကြောင်းက ကင်းပုန်းဝပ်စောင့်ကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ချင်းတွင်းရိုးမမြေပြင်သတင်း ထောက်လှမ်းနေသူ ကိုမြတ်ကိုးကပြောသည်။

“ပြည်သူတွေက စစ်ကြောင်းထွက်ပြီဆိုပြီးပြန်ဝင်တဲ့ထဲမှာ ပြည်သူခြောက်ဦးကိုမိပြီး သတ်ပစ်ထားခဲ့တယ်။ သေနတ်တွေနဲ့ပစ်သတ်မဟုတ်ဘူး လက်ပြန်ကြိုးတုတ်ပြီးတော့ ရွာအနောက်ဘက် သုဿန်နဲ့ မနီးမ‌ဝေးမှာ တင်းပုတ်နဲ့ ခေါင်းတွေကို ပြားနေအောင်ထုရိုက်ပြီး သတ်ထားခဲ့တယ်။ ဓားတွေနဲ့လည်း ညှဉ်းပန်း နှိပ်စက်ထားခဲ့တာတွေရှိတယ်” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသူများမှာ အသက် ၁၇ နှစ်ခန့်အရွယ်ရှိ မောင်ခန့်နေနိုင်၊ မောင်သန့်ဇင်ဦး၊ မောင်သန်းထိုက်အောင်နှင့် အသက် ၃၀ ကျော်ခန့်အရွယ်ရှိ ကိုဇော်မောင်၊ ကိုဇော်သူနှင့် ကိုမောင်လင်းဆိုသူတို့ဖြစ်ပြီး ယမန်နေ့ မွန်းလွှဲပိုင်းက မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ပုလဲမြို့နယ်မှဝင်ရောက်လာသော အဆိုပါစစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၂၀၀ ခန့်ပါရှိပြီး ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ အိမ်ရှိ အသုံးအဆောင်ပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမုန်တိုင်းက ပြောသည်။

“စစ်ကြောင်းက နှစ်ကြောင်းခွဲလိုက် သုံးကြောင်းခွဲလိုက်နဲ့ ပေါင်းလိုက်ခွဲလိုက်လုပ်နေတာ။ ဒေသခံတွေရဲ့ ပစ္စည်းတွေလုယူသွားတာတွေရှိတယ်ဗျာ။ အခုတောင် ယင်းမာပင်ဘက်မှာ ရေခဲသတ္တာ၊ တီဗီတွေ ရသမျှအကုန်ယူ၊ ဆန်၊ ဆီ၊ ဆား အကုန်ယူတယ်” ဟုပြောသည်။

အဆိုပါစစ်ကြောင်းတွင် ပုလဲမြို့နယ်မှ အင်မထီးကျေးရွာနှင့် ချောင်းဦးကျေးရွာတို့မှ ပျူစောထီးတပ်ဖွဲ့ဝင်များလည်းပါရှိပြီး လက်ရှိအချိန်တွင် ယင်းမာပင်မြို့နယ် ကျွန်းတောကျေးရွာ၊ ကုန်းကျေးရွာနှင့် ပေါက်ပန်းဖြူကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်နေ့ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပါအဝင် ဒေသခံ ၁၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ