ခင်ဦးမြို့နယ်သို့ ယမန်နေ့ညနေ ၄ နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဝင်များက ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး နင်းမိုင်းကြောင့် အခြားဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ညောင်ပင်ကြီးစုကျေးရွာရှိ ရဲစခန်းအနီးတွင် ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီခန့်က နယ်မြေရှင်းလင်းရေးပြုလုပ်ချိန် တွေ့ရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းရှင်းပြီထင်ပြီးတော့ ရွာကိုအပြန်လမ်းမှာ ဖမ်းပြီးသတ်လိုက်တာ။ ဒီတိုင်းပဲပစ်သတ်လိုက်တာပါ အလောင်းလက္ခဏာကိုကြည့်ရတာတော့။ သေနတ်ဒဏ်ရာတော့ လေးငါးချက်လောက်တော့ ရှိတယ်။ ရဲခစန်းရှေ့မှာ မိပြီးသတ်လိုက်တာ” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းပြန်လည်ထွက်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးမလုပ်မီ ယနေ့နံနက်က ကျေးရွာအနီးတွင် နင်းမိုင်းနင်းမိသောကြောင့် ဒေသခံအမျိုးသားတစ်ဦး ခြေထောက်ပြတ်သွားကြောင်း ညောင်ပင်ကြီးစုဒေသခံတစ်ဦးက ပြောသည်။

“အဲ့ကောင်(မိုင်းနင်းမိသူ)က ခြေထောက်ဖြတ်ရမယ် ခြေထောက်ကပြတ်ကိုသွားတာ နည်းနည်းပဲကျန်တာ။ ကြေမွသွားတာ၊ ဆေးရုံတော့ပို့ထားတယ်။ ရှင်းလင်းရေးမလုပ်ခင်ဝင်သွားတာ” ဟုပြောသည်။

သတ်ဖြတ်ခြင်းခံရသူများ အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးမင်းမင်းဆိုသူဖြစ်ပြီး နင်းမိုင်းကြောင့် ခြေထောက်ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၃၇ နှစ်ခန့်အရွယ်ရှိ ကိုစိုးသိန်းဆိုသူဖြစ်ကြောင်းသိရသည်။

အင်အား ၈၀ ခန့်ပါရှိသော အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ရွှေဘိုမြို့နယ်မှ ထွက်ခွာလာသော စစ်ကြောင်းဖြစ်ပြီး ကျေးရွာအတွင်းရှိ ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာများကိုလည်း ယူဆောင်သွားကြောင်း သူကဆက်ပြောသည်။

“ပစ္စည်းတွေပါသွားတာ ထော်လာဂျီတစ်စီး၊ ဆိုက်တွဲနဲ့တစ်စီး၊ ကားကြီးနဲ့တစ်စီးတင်ပြီးတော့ ယူသွားတာ။ ဆီပုံးတွေ ပဲဆီတွေကြိတ်ထားတာ အကုန်ယူသွားတာ” ဟုပြောသည်။

လက်ရှိအချိန်တွင် အဆိုပါစစ်ကြောင်းသည် ရေဦးမြို့နယ်သို့ ဝင်ရောက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့ကလည်း ခင်းဦးမြို့နယ်၊ ကံသာယာကျေးရွာမှ ဒေသခံနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

သတင်း – Dureng

ပုံ – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး FB Page

 

သင့်ထင်မြင်ချက်ရေးပေးပါ