ဖားကန့်မြို့နယ်၊ ကချင်အမျိုးသားလွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၉ နယ်မြေ၊ အနန့်ပါနယ်မြေတွင် ယနေ့ ညနေ ၄ နာရီခွဲခန့်က စစ်ကောင်စီတပ်က ဂျက်လေယာဉ်နှစ်စီးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့၊ လေတပ်စခန်းမှ ထွက်ခွာလာသည့် ဂျက်လေယာဉ်နှစ်စီးဖြင့် အနန့်ပါ နယ်မြေအတွင်း ၁၅ မိနစ်ခြားတစ်ခါဖြင့် ဗုံးလေးလုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦး The 74 Media ကို ပြောသည်။

“လေယာဉ်တစ်စီးနဲ့ အရင်လာပစ်တယ်၊ အောက်ကနေ သေနတ်တွေနဲ့ ပြန်ပစ်တော့ နောက်တစ်စီးနဲ့အတူ ပြန်လာပြီး ပြန်လာပစ်တာ။ မြေပြန့်မှာရောကျတယ်၊ တောင်ပေါ်မှာ တည်ထားတဲ့ လက်နက်ကြီးရုံနားလည် ကျတယ်တဲ့။ ထိခိုက်တာလည်း ရှိတယ်၊ ကျဆုံးတာလည်း ရှိတယ်၊ အခုတော့ ပြောလို့ မရသေးဘူး” ဟု ပြောသည်။

ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနန့်ပါ ဈေးတန်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း အခြား KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အနန့်ပါမှာက ဈေးရောင်းတဲ့သူတွေပဲ ရှိတာ။ ဈေးနားမှာ ကျတယ်လို့ ပြောတယ်။ ပြည်သူတွေ ရှိတဲ့နေရာမှာ ကျတယ်ဆိုတော့ ထိခိုက်သေဆုံးမှုတော့ ရှိမှာပဲ၊ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြောသည်။

ဂျက်လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ပြီး တစ်နာရီအကြာတွင် ဂျက်လေယာဉ်နှစ်စီးဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း အထက်ပါ KIA တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထိခိုက်သေဆုံးသူများရှိသည်ဟု ကနဦးသိရပြီး The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အနန့်ပါနယ်မြေအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဂီတဖျော်ဖြေပွဲကျင်းပနေချိန် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် KIA တပ်ဖွဲ့ဝင်များ၊ အနုပညာရှင်များ၊ ခရစ်ယာန်ဘာသာရေးဆရာများနှင့် ပြည်သူများအပါအဝင် လူဦးရေ ၆၀ ကျော် သေဆုံးခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ