ကချင်ပြည်နယ်တွင် တစ်ပါတ်အတွင်း ငွေကျပ်သိန်းတစ်ထောင်ကျော်တန်ဖိုးရှိသည့် ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများဖမ်းဆီးရမှု ငါးမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့ (CCDAC Myanmar) ၏ အချက်အလက်များအရ သိရသည်။

ဗန်းမော်မြို့နယ်၊ မံစီမြို့နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း စိတ်ကြွရူးသွပ်ဆေးပြား နှစ်သောင်းရှစ်ထောင်ခန့်နှင့် ဘိန်းဖြူ ၂.၂၈ ကီလိုခန့်တို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဗန်းမော်မြို့နယ်၊ ကောင်ဂျာယန်ကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ဦးသိန်းစိုးနှင့် မဂျာဒွဲမောင်းနင်းလာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ သိုဝှက်သယ်ဆောင်လာသည့် ကျပ်သိန်း ၁၂၀ ခန့်တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၉၄၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်းဖော်ပြထားသည်။

ဗန်းမော်မြို့၊ သာစည်ရပ်ကွက်၊ ဂေါက်ကွင်းရှေ့လမ်းကြားရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၄ ရက်နေ့နံနက် ၈ နာရီခွဲခန့်က ဝင်ရောက်ရှာဖွေချိန် ဦးခင်မောင်ထူးနှင့် ဦးစိန်မြိုင်တို့ကို ကာလပေါက်ဈေး ကျပ် ၁၇၂ သိန်းခန့်တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၆၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မံစီမြို့နယ်၊ ရီခူးမန်ခန်ကျေးရွာအနီးတွင်လည်း အောက်တိုဘာလ ၁၁ ရက်နေ့က ဦးငွါးသား မောင်းနှင်လာသော မော်တော်ဆိုင်ကယ်မှလည်း ကာလတန်ဖိုး ကျပ်သိန်း ၁၁၇ သိန်းခန့်တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၅၈၅၀ ပြားကိုဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

ဒေသကာလတန်ဖိုး ကျပ်သိန်း ၁၅၂ သိန်းခန့်တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၀ ခန့်ကိုလည်း အောက်တိုဘာလ ၁၁ ရက်နေ့က မြစ်ကြီးနားမြို့နယ်၊ ရှဒေါင်ကျေးရွာရှိ ဦးအင်ခွမ်ဂမ်(ခ) မောင်ဇော်၏ နေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ကျေးရွာအနီးတွင်လည်း အောက်တိုဘာလ ၉ ရက်နေ့က ကသာမြို့မှ ဟိုပင်မြို့သို့ ပြေးဆွဲသည့်မော်တော်ယာဉ်တစ်စီးကိုစစ်ဆေးရာ ဒေါ်ခင်နန်းဝင်းဆိုသူသယ်ဆောင်လာသော ငွေကျပ်သိန်း ၅၇၀ ခန့်တန်ဖိုးရှိသည့် ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်းဆီးရမိခဲ့သူများကိုလည်း သက်ဆိုင်ရာနယ်မြေရဲစခန်းများတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့အပြားတွင် မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူမှု ပိုမိုများပြားလာသည့်အပြင် မူးယစ်ဆေးဝါးဖြင့် အကျဉ်းကျနေသူများကိုသာ အများဆုံး လွတ်ငြိမ်းချမ်းသာခွင့်ပေးနေကြောင်း သတင်းများအရသိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – CCDAC MYANMAR

 

သင့်ထင်မြင်ချက်ရေးပေးပါ