ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးထက်မနည်းသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း The Kokang Media ကထုတ်ပြန်ထားသည်။

ကုန်းကြမ်းမြို့နယ်၊ ရှင်ဟွာ(ရှင်ဖျင်ကိုင်) ကျေးရွာအုပ်စု၊ နမဲခုန်ဟောကျေးရွာအနီးရှိ MNDAA တပ်စခန်းရှိရာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၁၄ ရက်နေ့က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၆ ဦးသေဆုံးကာ ခုနှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အင်အား ၃၀ ကျော်ခန့်ပါရှိသည့် အမှတ် (၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်း ၃၃၅ စစ်ကြောင်းက ဒေသခံပြည်သူတစ်ဦးကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

သုံးနာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီထံမှ ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ ပစ်အမြောက်တစ်လက်၊ လက်ပစ်အမြောက်တစ်လက်၊ ကျည်ဘောက် ၁၄ ခု၊ ကျည်ဆန် ၂၁၈ တောင့်၊ အသံလွှင့်စက်တစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဂြိုလ်တုဖုန်းတစ်လုံးနှင့် အခြား ထောက်ပံ့ရေးပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၃ ရက်နေ့ကလည်း လူအင်အား ၁၀၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကိုးကန့် (MNDAA) တို့ ရှောက်မင်ရှမ်းနှင့် ချောက်ချိုင့်ပါဒေသအနီးတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – The Kokang

 

သင့်ထင်မြင်ချက်ရေးပေးပါ