စစ်ကောင်စီလက်အောက်ခံ ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ယမန်နေ့ည ၁၀ နာရီခွဲခန့်က ဝိုင်းမော်မြို့နယ်မှ ဒေသခံပြည်သူလေးဦးကို ဖမ်ဆီးသွားကြောင်း သိရသည်။

နန့်ဝါကျေးရွာအုပ်စု မုန့်ကြိတ်ကျေးရွာ ရပ်ကွက် (၂) ရှိ နေအိမ်တစ်အိမ်သို့ အိမ်စီးကားလေးစီးဖြင့် ရောက်ရှိလာပြီး ကျောင်းသားနှစ်ဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အပြင်မှာက ကင်းစောင့်ပြီး အထဲမှာတံခါးတွေကိုဆောင့်ကန်ပြီးဝင်တာ။ သူငယ်ချင်းဖြစ်သူအိမ်မှာ လာလည်ပြီး မနက်ဆိုရင်ကျောင်းပြန်သွားတက်ဖို့ဟုတ်တယ်။ အခြားနှစ်ယောက်ကိုတော့ လမ်းမှာဖမ်းဆီးသွားတာ။ အခုအချိန်ထိတော့ဘာမှသတင်းမကြားရဘူး” ဟုပြောသည်။

အင်အား ၃၀ ခန့်ပါရှိသည့် လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်များက စစ်သားဝတ်စုံပြည့်ဖြင့် ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရကြောင်း အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ဒေသခံယောက်ျားလေးတစ်ဦးကပြောသည်။

“ဝူယန်က ရွှေမင်းပြည်သူ့စစ်တွေ အပြစ်မဲ့ပြည်သူလေးဦးကို အကြောင်းမဲ့လာဖမ်းသွားတယ်။ ကျောင်းသားနှစ်ယောက်ပါတယ်။ အခုချိန်ထိတော့ သတင်းမကြားရသေးဘူး” ဟုပြောသည်။

ဖမ်းဆီးခံရသူများမှာ အသက် ၁၇ နှစ်ခန့်အရွယ်ရှိ ကိုးတန်းကျောင်းသား မရစ်တူးဆိုင်း၊ အသက် ၂၁ နှစ်ခန့်အရွယ်ရှိ မောင်မဂေါင်ဒွဲဝေါမ်၊ အသက် ၃၇ နှစ်ခန့်အရွယ်ရှိ ဦးလွမ်းဒေါင်နှင့် အသက် ၆၄ နှစ်ခန့်အရွယ်ရှိ ဦးခေါင်လွမ်းဆိုသူတို့ဖြစ်ကြောင်းသိရသည်။

ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာတွင်လည်း ဘုရားကျောင်းမှ ပြန်လာသည့် ဒေသခံအမျိုးသားလေးဦးကို သေနတ်ပစ်ဖောက်ကာ ဖမ်းဆီးသွားပြီး ယနေ့ နံနက် ၁ နာရီခန့်က ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများကပြောသည်။

ဝိုင်းမော်မြို့နယ် အောင်မြေ (၁) ကျေးရွာရှိ အင်လုံခတံတားအနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ဒေသခံအခေါ် လီဆူပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ရွှေညောင်ပင်မှ ဝိုင်းမော်သို့ ပြန်လာသော ဒေသခံပြည်သူ ၃ ဦးကို ပစ်ခတ်ခဲ့ရာ တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ဝူယန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။ (ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ