တရုတ်လုပ်ငန်းရှင်များက ကျောက်ဂျပိုးကို ယခင်နှစ်ထက် ဈေးနှုန်းတစ်ဆခန့်ပိုမိုပေးဆောင်ကာဝယ်ယူနေသောကြောင့် ကချင်ပြည်နယ်၊ ပူတာမြို့နယ်ရှိ ကျေးရွာအချို့တွင် ရွာလုံးကျွတ်နီးပါး ကျောက်ဂျပိုးသွားရောက်ရှာဖွေနေကြောင်း သိရသည်။

တစ်ပိဿာလျှင် ငွေကျပ်ငါးသိန်းခန့်ရရှိသဖြင့် မာမဲ့ကျေးရွာအတွင်းရှိအမျိုးသားများ ရွာလုံးကျွတ်နီးပါး ကျောက်ဂျပိုး သွားရောက်ရှာဖွေနေကြကြောင်း မာမဲ့ကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အကုန်လုံးသွားကုန်ပြီ။ ရွာကလူတွေက ယောက်ျားတွေ အကုန်လုံးရှာကြတာပဲ၊ အစ်မယောက်ျားက ဗုဒ္ဓဟူးနေ့မှ သွားလိုက်တာ၊ အစ်မတို့ကအိမ်မှာ ကလေးထိန်းရမှာမို့လို့။ ကောက်သစ်စားပွဲတွေလည်းအခုလုပ်နေပြီ။ ယောက်ျားလေးတွေကမရှိဘူး၊ အမျိုးသမီးတွေပဲရှိတော့တယ်။ ကျောက်ဂျပိုးကိုတော့ တချို့ကပိုက်နဲ့လည်း ရှာတယ်၊ တစ်ချို့ကတော့ မိုးကာတွေနဲ့လည်း ရှာကြတယ်” ဟုပြောသည်။

ပြီးခဲ့သည့်နှစ်များက ကျောက်ဂျပိုးတစ်ပိဿာကို ကျပ်နှစ်သိန်းမှကျပ်သုံးသိန်းခန့်သာဈေးပေါက်ပြီး ယခုနှစ်တွင် ကျပ်ငါးသိန်းစတင်ပေးဝယ်ကြကြောင်း ဒေသခံများထံမှသိရသည်။

လက်ရှိအချိန် ကျောက်ဂျပိုးရှာဖွေသူများသည် မုန်လန်ချောင်းဖျားရှိကျေးရွာများနှင့် အဝက်ဒမ်းကျေးရွာ၊ ခါးလန်ကျေးရွာနှင့် ဇီယာဒမ်းကျေးရွာစသည့်နေရာများတွင် ရှာဖွေနေကြောင်း နမ်ဟော့ကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“တစ်ချို့တွေက ရွှေတောင်မလုပ်ဘဲ ကျောက်ဂျပိုးပဲသွားရှာကြတာ။ ဦးလေးသားနဲ့ ဦးလေးရဲ့သမက်က ဒီနေ့မှသွားလိုက်တာ။ ကျောက်ဂျပိုးရှာတဲ့နေရာမှာက ပွဲလိုပဲဆင်နေကြတယ်လို့ပြောတယ်၊ အခုချိန်က ထွက်တောင်မထွက်သေးတာ ချောင်းမှာ လူပြည့်လို့ ပိုက်တန်းမဲ့နေရတောင်မရှိဘူးလို့ပြောတယ်။ တချို့တွေက နေရာမရမှာကြောက်လို့ စောစောသွားပြီး နေရာအရင်ဦးထားကြတာ” ဟုပြောသည်။

ကျောက်ဂျပိုးများသည် မုန်လန်ချောင်းဖျားတွင် တစ်နှစ်လျှင်သုံးကြိမ်ဆင်းလေ့ရှိပြီး အောက်တိုဘာလအကုန်ခန့်တွင် မလိခမြစ်ကမ်းဘေးတွင် တွေ့ရကြောင်းသူကပြောသည်။

ကျောက်ဂျပိုးကို အဓိကဝယ်ယူနေသူများမှာ တရုတ်လူမျိုးများဖြစ်ပြီး ဆေးဖော်စပ်ရန်နှင့် ဟင်းခတ်အမွေးအကြိုင်များပြုလုပ်ရာတွင်အသုံးပြုကြောင်း ကျောက်ဂျပိုးရှာဖွေသူ လူငယ်တစ်ဦးက ပြောသည်။

“တရုတ်ပြည်ကို ပို့ကြတယ်၊ တရုတ်တွေကပဲ တော်တော်များများဝယ်ကြတယ်။ တရုတ်တွေရဲ့ကိုယ်စားလှယ်တွေ ရွာထဲထိသွားဝယ်ကြတာများပါတယ်၊ တစ်ဆင့်ဝယ်ရောင်းတဲ့သူလည်းများတယ်၊ ရှာတဲ့သူများလာလို့ အရင်ကအများကြီးရှိတဲ့ နေရာတွေဆိုအခုနောက်ပိုင်းက ရှားပါးသွားတယ်” ဟုပြောသည်။

ကျောက်ဂျပိုးတွင် အသေးမျိုးနှင့် အကြီးမျိုးဟုဆိုပြီးနှစ်မျိုးရှိကာ အသေးမျိုးကဈေးပိုကြီးကြောင်း သူကပြောသည်။

လက်ရှိအချိန်တွင် ပူတာအိုဈေးကွက်တွင် ကျောက်ဂျပိုးရောင်းချခြင်းမရှိသေးသော်လည်း ကျောက်ဂျပိုးဝယ်ယူရန် လိုက်လံရှာဖွေနေသူများရှိနေကြောင်း သိရသည်။

ပူတာအိုမြို့တွင် ပုံမှန်အားဖြင့် ကျောက်ဂျပိုးကို အောက်တိုဘာလမှ ဒီဇင်ဘာလ သုံးလအတွင်း ရှာဖွေပြီး ၂၀၁၉ ခုနှစ်မှ စတင်ကာ တရုတ်လုပ်ငန်းရှင်များက ဈေးကောင်းပေးဝယ်သောကြောင့် ရှာဖွေမှု ပိုမိုများပြားလာခြင်းခဲ့ခြင်းဖြစ်သည်။

သတင်း – Dureng

ပုံ – ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မူလာရှီးဒီးတံတားအနီးတွင် ကျောက်ဂျပိုးဖမ်းဆီးနေသော ပူတာအိုဒေသခံများကိုတွေ့ရစဉ်။

 

သင့်ထင်မြင်ချက်ရေးပေးပါ