စစ်ကိုင်းတိုင်း မုံရွာမြို့တွင် စစ်ကောင်စီအပေါင်းအပါများဟုယူဆရသူများက PDF ဟုဆိုကာ ခြိမ်းခြောက်ငွေညစ်မှုများရှိနေပြီး တော်လှန်ရေးအင်အားစုများက လုယက်မှုများကို ၎င်းတို့ကျူးလွန်မှုမရှိကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့က မုံရွာမြို့ သာစည်လမ်းရှိ ဆေးခန်းတစ်ခုအတွင်း အမည်မသိလူတစ်စုဝင်ရောက်လာကာ PDF အဖွဲ့အစည်းဟု ပြောဆိုပြီး ငွေတောင်းရမ်းခဲ့ကြောင်း Golden Eagle Force- Monywa အဖွဲ့မှ ဗိုလ်လင်းယုန်က The 74 Media ကိုပြောသည်။

“ကျွန်တော်တို့သိရသလောက်တော့ PDF မဟုတ်တဲ့ PDF နာမည်သုံးပြီး လိမ်စားနေတဲ့ သူတွေလို့သိထားရပါတယ်ဗျ။ PDF တွေကို နာမည်ဖျက်ချင်တဲ့ စကစ(စစ်ကောင်စီ)ဘက်ကလုပ်ဆောင်တယ်လို့လည်း မှတ်ယူနိုင်တယ်”ဟုပြောသည်။

PDF တပ်ဖွဲ့ဝင်များတွင် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများရှိနေသောကြောင့် PDF များက ထိုကဲ့သို့ လုပ်ဆောင်ခြင်းမရှိကြောင်း မုံရွာခရိုင်တပ်ရင်းတစ်ခုမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆက်ပြောသည်။

“မုံရွာမှာ စစ်ကောင်စီက ဝင်ပေါက်ထွက်ပေါက်လမ်းအားလုံး အထိုင်ချတပ်စွဲနေတာ။ ဘယ်လိုမှ ဝင်ဖို့မလွယ်ဘူး။ နောက်တစ်ခုက စကစ(စစ်ကောင်စီ) အပေါင်းပါတွေက အယောင်ဆောင်ထားတာဖြစ်မယ်” ဟုပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မည်သူမည်ဝါကျူးလွန်ကြောင်းမသိရသည့် ခိုးဆိုးလုယက်မှု၊ ပစ်ခတ်ခံရမှုများရှိနေကြောင်း မုံရွာမြို့ခံအမျိုးသားတစ်ဦးကပြောသည်။

“ပစ္စည်းခိုးယူနေတာတွေ့လို့ ပတ်ဝန်းကျင်ကို အကူညီတောင်းရင်တောင် အသက်အန္တရာယ် ရန်ပြုသွားမှာစိုးလို့ငြိမ်ခံနေရတဲ့ အဖြစ်မျိုးကြုံရသူတွေလည်း ရှိနေတယ်။ အခုခေတ်ကာလအခြေနေအရ ဘယ်တိုင်လို့တိုင်ရမှန်း မသိတော့ ပိုဆိုးတော့တာပေါ့။ မြို့ပေါ် ခိုးဆိုးလုနှိုက်တွေကို ဒီကောင်တွေ မသိဘူးဆိုတာမဟုတ်ဘူး သိတယ်။ မျက်ကွယ်ပြုထားတာ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများကလည်း အမှုအတွက်ငွေကြေးတောင်းခံနေသည့်အတွက် အမှုဖွင့်ခဲ့ခြင်းမရှိကြောင်း ပိုက်ဆံအိတ်လုယက်ခံခဲ့ရသော မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့်ဩဂုတ်လက မုံရွာမြို့၊ ထန်းတောရပ်ကွက်မှ နေအိမ်တစ်အိမ်အား ဝင်ရောက်လုယက်စဉ် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးသေဆုံးခဲ့ပြီး မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ကျူးလွန်ခဲ့သူများကို ဖမ်းဆီးနိုင်ခဲ့သည်။

မုံရွာမြို့ပေါ်တွင် ခိုးဆိုးလုယက်မှုများ မကြာခဏဖြစ်ပွားနေသော်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသည့်အတွက် မုံရွာတော်လှန်‌ရေးအဖွဲ့များက စုံစမ်းဖော်ထုတ်အရေးယူခြင်းများ ပြုလုပ်နေကြောင်းသိရသည်။

သတင်း – Har Na

 

သင့်ထင်မြင်ချက်ရေးပေးပါ