ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) ဌာချုပ်အနီးရှိ မုန်လိုင်ခက်ကျေးရွာအနီးကို စစ်ကောင်စီတပ်က ယခုည ၈ နာရီခန့်တွင် လက်နက်ကြီးပစ်ခတ်မှုများ ထပ်မံပြုလုပ်နေကြောင်း ကနဦးသိရသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲသံ လေးချက်ထက်မနည်းကြားရပြီး မည်သည့်နေရာတွင် ကျရောက်ခဲ့သည်ကို မသိရသေးကြောင်းဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီတစ်ခါလည်း လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်နေပြန်ပြီဗျာ။ အားလုံးလိုလိုထွက်ပြေးနေရတော့ ဘယ်မှာကျကွဲလည်း မသိသေးဘူး” ဟုဆိုသည်။

အလားတူ စစ်ကောင်စီတပ်က မိုးမောက်မြို့နယ် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းရှိ လိုင်လွမ်အောင်ဂျာကျေးရွာ အနီးတစ်ဝိုက်အား ယနေ့ညနေပိုင်းက တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်သွားကြောင်း KIA သတင်းရင်းမြစ်တစ်ဦးကဆက်ပြောသည်။

“တံတားဦးက တက်လာတဲ့ လေယာဉ်နှစ်စီး ဗုံးနှစ်လုံးစီချပြီး ပြန်ခေါက်သွားပြီ။ လွယ်လွမ်အောင်ဂျာ(ရွာ)ဘက်ကို။ အခုလည်း(လိုင်ဇာဘက်ကို) လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေတယ်၊ ခယာဘွမ်စစ်ကောင်စီစခန်းကနေ” ဟုဆိုသည်။

လက်ရှိအချိန်တွင် လိုင်ဇာ – တရုတ်နယ်စပ်ဂိတ်ဝင်ပေါက်တွင်လည်း တရုတ်ရဲများက ဝတ်စုံပြည့်ဖြင့် အသင့်အနေအထား နေရာယူထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၉ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၅၇ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နောက်ပိုင်း လိုင်ဇာအနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ