စစ်ကောင်စီတပ်၏လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာရှိ နေအိမ်လေးလုံးနှင့် KBC ဘုရားကျောင်းဝင်းရှိ စားဖိုဆောင်တစ်ခု ယနေ့ နံနက်ရှစ်နာရီခန့်က ပျက်စီးသွားကြောင်း သိရသည်။

မအူပင်ကျေးရွာ၊ ရေကာတာအနီး ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်နှစ်လုံးမီးလောင်ပြာကျသွားကြောင်း အသက် ၄၀ ကျော်အရွယ် မအူပင်ကျေးရွာဒေသခံက The 74 Media ကို ပြောသည်။

“စစ်ကောင်စီက ရွာထဲဝင်တဲ့အချိန်လည်း လက်နက်ကြီးနဲ့ သေနတ်တွေ ရမ်းပစ်တယ်။ ဘုရားကျောင်းအစောင့်နေအိမ် မီးဖိုချောင်မှာလည်းလက်နက်ကြီးကျတာ မီးဖိုချောင်တော့ အမိုးပေါက်သွားတယ်၊ မကွဲဘူး၊ အိမ်လေးလုံးတော့ လက်နက်ကြီးကျပြီးမီးလောင်တာ၊ နှစ်အိမ်တော့ မီးငြိမ်းလိုက်နိုင်တယ်။ နှစ်အိမ်တော့ မီးလောင်သွားတယ်” ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းက မီးလောင်ပျက်စီးသွားသည့် နေအိမ်တစ်လုံးရှိ ဝက်တစ်ကောင်ကိုလည်း ပစ်သတ်သွားကြောင်း သူက ပြောသည်။

စစ်ကြောင်းထိုးဝင်ရောက်လာချိန် မအူပင်ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေပြီး နေအိမ်နှစ်လုံးမီးလောင်သွားကြောင်း မအူပင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ဆက်ပြောသည်။

“ထွက်မကြည့်ရဲလို့ ရှောင်နေကြတာ၊ ရွာထဲမှာ မကျန်ခဲ့ဘူးနော်။ နေအိမ်နှစ်လုံးတော့ မီးလောင်သွားတယ်၊ အတိအကျတော့ သွားမကြည့်ရသေးဘူး။ ဒီမနက်က ပစ်ခတ်တဲ့အသံတွေလည်း ကြားတယ်။ စစ်ကြောင်းဝင်ရင်တော့ ရွာသားတွေက ပြေးလိုက် ဝင်လိုက်ပါ့” ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်(KIA) တို့ကြား ယနေ့ နံနက် ၈ နာရီခန့်က မအူပင်ကျေးရွာနှင့် နန့်ယားကျေးရွာကြား ထိတွေ့တိုက်ပွဲဖြစ်ပွားချိန် ဖားကန့်- ကားမိုင်းလမ်းကို ယာယီပိတ်ထားပြီးနောက် လက်ရှိတွင် ပြန်လည်ဖွင့်ပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့ကလည်း ကချင်လွတ်မြောက်ရေးတပ်(KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

 

သင့်ထင်မြင်ချက်ရေးပေးပါ