ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီဂိတ်တစ်ခုတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီစစ်သားနှစ်ဦးသေဆုံးခဲ့ပြီးနောက် လမ်းသွားလမ်းလာပြည်သူများကိုပစ်ခတ်ကာ ဆိုင်ကယ်များကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဗန်းမော် – မြစ်ကြီးနားကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ ဒေသအခေါ် ၅ မိုင်ဂိတ်ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယမန်နေ့ ညနေ ၈ နာရီခန့်က လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လက်နက်ကြီးနဲ့သွားပစ်တာ။ KIA တွေသွားပစ်လို့ စစ်သားနှစ်ယောက်သေတယ်တဲ့။ စစ်ကောင်စီဘက်က ဗန်းမော်ကနေ ကားနှစ်စီးပြန်တက်လာတယ်။ ပြီးရင် ငါးမိုင်ဂိတ်နားက အိမ်ဝင်မွှေပြီး အိမ်ရှင်တွေကို အိမ်ပြင်ထုတ်၊ ပိုက်ဆံနဲ့ ရွှေတွေယူသွားတယ်လို့ပြောတယ်” ဟုဆိုသည်။

ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဗန်းမော်မြို့ဂေါက်ကွင်းထိပ်လမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ဒေသခံပြည်သူများကို ပစ်ခတ်ကာ ဆိုင်ကယ် ငါးစီးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗန်းမော်မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဂေါက်ကွင်းထိပ်မှာဖမ်းပြီးတော့ ဆိုင်ကယ်တွေကို မီးရှို့တယ်။ အရင်ဆုံး သေနတ်တွေပစ်သေးတယ်၊ လူထိသွားလားတော့မသိရဘူး။ ဒီမနက် လမ်းဘေးနားမှာ ဆိုင်ကယ်ငါးစီး မီးရှို့ဖျက်ဆီးထားတာ” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများထံမှ ပိုက်ဆံနှင့်ရွှေများလုယူသည့်ဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ရန်နှင့် ပစ်ခတ်မှုအတွင်း လမ်းသွားလမ်းလာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိ၊ မရှိကို The 74 Media က ဆက်လက် စုံစမ်းနေသည်။

စစ်ကောင်စီတပ်၏သင်္ဘောအုပ်စု ဗန်းမော်မြို့သို့ရောက်ရှိခဲ့သည့် စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူအချို့ကို ဖမ်းဆီးကာ မော်တော်ယာဉ်များကို ဖမ်းဆီးခဲ့သည်။

သတင်း – Thu Ta

ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။(ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ