စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ယနေ့နံနက် ၈ နာရီခန့်မှစတင်ကာ ဖားကန့်မြို့ မအူပင်ကျေးရွာနှင့် နန့်ယားကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားနေပြီး ဖားကန့် – ကာမိုင်းလမ်းကိုလည်း ပိတ်ထားကြောင်းသိရသည်။

စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မအူပင်ကျေးရွာ ရေကာတာအနီးတိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး နေအိမ်သုံးလုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဟု အသက် ၄၆ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းက နန့်ယားဘက်နေထွက်လာတယ်။ ရေကာတာနားရောက်တော့ မိုင်းဆွဲခံလိုက်ရတယ်လို့ သိရတယ်။ သူတို့ဘက်ကအထိခိုက်မှုတွေရှိလို့လည်း ရွာထဲကအိမ်တွေကိုမီးဝင်ရိူ့သွားတယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး၊ ဖားကန့် – ကားမိုင်းလမ်းကိုလည်း ယာယီပိတ်ထားကြောင်း ဖားကန့်မှ မြစ်ကြီးနားသို့ ယာဥ်လိုင်းပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးကပြောသည်။

“လက်နက်ကြီးသံတွေ သေနတ်သံတွေ ဆက်တိုက်ကြားနေရတုန်းဗျ။ ဘေးလွတ်ရာနေရာတွေမှာပဲ ခဏနားနေကြရတယ်။ ရှေ့ကကားဆရာတွေကို မေးကြည့်တာတော့ လမ်းကိုပိတ်ထားတယ်တဲ့။ အခြေနေတွေ ပြန်ငြိမ်သွားမှ ပြန်ဖွင့်ပေးမယ်လို့ သိရတယ်” ဟုပြောသည်။

ဖားကန့်မြို့နယ်၊ ခွမ်စိုင်ယန်ကျေးရွာအနီးရှိ ကချင်လွတ်မြောက်ရေးတပ် (KIA)၏ စစ်ဆေးရေးဂိတ်ကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။

ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၃) ရက်နေ့ကလည်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း – Pe Ti

ဓါတ်ပုံ – ပုံဟောင်းဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ