စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်က ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ ကျေးရွာတစ်ရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။

လုံဂျုံယန်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ထွက်ပြေးတိမ်းရှောင်နေချိန် မီးရှို့ဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကြောင်းထိုးတော့ တိမ်းရှောင်သွားကြတာပေါ့။ ပြန်သွားကြတဲ့အချိန်မှာ မီးလောင်ပြီးသားတွေပဲတွေ့ရတော့တာ။ လူနေတဲ့အိမ်တွေအကုန်ရှို့ခံရတာပါ” ဟုဆိုသည်။

အိမ်ခြေ ၁၂ အိမ်ရှိသည့်အဆိုပါကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အကြိမ်ကြိမ် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် လူနေအိမ်အားလုံးကိုမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ရွာပဲကချင်ရွာ။ အကုန်လုံးဟာရှို့ခံရတာပါ။ ဒီတစ်ခါနဲ့ဆို တိမ်းရှောင်ရတာလေးခါရှိပြီ အဆိုးဆုံးက ဒီတစ်ခါပဲ။ စပါးရိတ်ချိန်လည်းရောက်နေပြီဆိုတော့ အခြေအနေကိုတော်တော်လေးကြည့်ပြီးမှ ပြန်ကြရလိမ့်မယ်” ဟုဆိုသည်။

ယခင်က လုံဂျုံယန်ကျေးရွာတွင် အိမ်ခြေ ၅၀ ကျော်ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲ မကြာခဏဖြစ်ပွားသောကြောင့် အိမ်ထောင်စု ၁၂ စုခန့်သာကျန်ရှိကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့ကလည်း အဆိုပါစစ်ကြောင်းက မိုးမောက်မြို့နယ်၊ နောင်းကုန်းကျေးရွာရှိ ဒေသခံများ၏ နေအိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးကာ ပစ္စည်းများခိုးယူခဲ့သည့်အပြင် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လိုင်ဇာမြို့အနီးတစ်ဝိုက်ရှိ တပ်စခန်းများသို့ စစ်အင်အား၊ လက်နက်နှင့် ရိက္ခာများဖြည့်တင်းနိုင်ရန် အောက်တိုဘာလ ၇ ရက်နေ့ကစတင်ကာ ဗန်းမော်မြို့မှ ယာဉ်တန်းများနှင့်အတူ စစ်ကြောင်းထိုးတက်လာ သောကြောင့် မိုးလွဲချောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများမှာလည်း တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

သတင်း – Thu Ta, Za Mi

 

သင့်ထင်မြင်ချက်ရေးပေးပါ