ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် ယနေ့နံနက် ၁၁ နာရီခွဲခန့်က ပိုင်ရှင်မဲ့အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေညောင်ပင်ကျေးရွာ ရပ်ကွက် – ၅ တွင် မူးယစ်ဆေးရှော့ဖြစ်ကာသေဆုံးသည်ဟု ယူဆရသော အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ခဲ့ကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အိမ်ယာကွက်တစ်နေရာမှာ အိမ်တော့မဆောက်ရသေးတဲ့ ခြုံတောကြီးပေါ့။ ဒဏ်ရာဒဏ်ချက်တွေတော့ မရှိဘူး။ ဖိုးသမားဖြစ်မှာပေါ့ ဘာလို့လဲဆိုတော့ လက်မောင်းမှာ အပ်ကတန်းလန်းကြီး အဲ့နေရာမှာလည်း အပ်တွေကအများကြီးကို။ ဘေးပတ်ဝန်းကျင်အိမ်တွေ ပုပ်စော်နံလို့သွားကြည့်လိုက်တာ။ ပုပ်တောင်ပုပ်နေပြီ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၃၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးကြောင်း သူကဆက်ပြောသည်။

“ပိုင်ရှင်က မပေါ်သေးဘူး နောက်ပေါ်ရင်လည်းပေါ်မှာပေါ့။ အခုဟာက ဒီမှာလည်းထားလို့မရတော့ဘူး။ တအားပုပ်နေတော့ ဆရာဝန်တွေ ဘာတွေစစ်ပြီးရင်တော့ ကျွန်တော်တို့ပဲ မြုပ်ပေးတော့မှာ” ဟုပြောသည်။

လက်ရှိ သေဆုံးသူ၏ ရုပ်အလောင်းကို ဝိုင်းမော်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံတွင် စစ်ဆေးမှုပြုလုပ်ပြီးပါက ဝိုင်းမော်သုဿန်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်းသူကဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်၊ မခေါဒီကျေးရွာရှိ ရွှေအင်း သဲကျောက်ပုံအနီးတွင် ဆေးလွန်ပြီးသေဆုံးသွားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်း တွေ့ရှိခဲ့သည်။

သတင်း – Dureng

ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း FB Page

သင့်ထင်မြင်ချက်ရေးပေးပါ