မိုးကြီးသောကြောင့် ဆဒုံး – ကန်ပိုက်တီလမ်းတွင် မြေပြိုသဖြင့် ယမန်နေ့ည ၉ နာရီခန့်က အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆဒုံးအထက် ပန်ဆယ်ကောင်ကျေးရွာအနီးတွင်မြေပြိုချိန် သူငယ်ချင်းဖြစ်သူကို ကယ်ရာမှ မြေပိ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အသက် ၄၀ ကျော်ခန့်အရွယ်ရှိ ဆဒုံးဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူငယ်ချင်းနဲ့အတူ ကားနဲ့ဆင်းလာတဲ့အချိန်ဖြစ်တာ။ သူငယ်ချင်းကိုလိုက်ကယ်ရာက သူလည်းပါသွားပြီး သေသွားတာတဲ့။ မိုးလည်းရွာ ညလည်းနက်လာပြီဆိုတော့ လူလည်းမလာလို့ ဖြစ်သွားတာဟုတ်တယ်” ဟုပြောသည်။

သေဆုံးခဲ့သူမှာ ခေါက်ရှောင်စစ်ရှောင်စခန်းတွင်နေထိုင်သည့် အသက် ၄၅ နှစ်ခန့်အရွယ်ရှိ ဦးဖုန်ဆိုင်းဆိုသူဖြစ်ပြီး ရုပ်အလောင်းကို ယနေ့နံနက်က ပြန်လည်ရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအခြားအမျိုးသားတစ်ဦးက ပြောသည်။

“တောင်ပြိုပြီး ကားနဲ့အတူအောက်ကိုပါသွားတာ။ တစ်ယောက်သေသွားတယ် ဒီမနက်အစောကြီးမှာ အလောင်းကို ပြန်ထုတ်နိုင်ခဲ့တယ်” ဟုပြောသည်။

အဆိုပါလမ်းတွင် မိုးရွာသွန်နေသည်မှာ တစ်ပါတ်ခန့်ကြာပြီဖြစ်သောကြောင့် တောင်ပြိုခြင်းဖြစ်ပြီး သွားရေးလာရေးအတွက် လွန်စွာခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

ဝိုင်းမော် – ဆဒုံး – ကန်ပိုက်တီ လမ်းတွင် နှစ်စဉ်မိုးရာသီအချိန်တွင် တောင်ပြို မြေပြိုမှုများဖြစ်ပွားလေ့ရှိသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ