ရွှေကူမြို့ရှိ ဧရာဝတီမြစ်အတွင်း ရွှေတူးနေသည့်စက်လှေ လေးစီးခန့်ကို ယမန်‌နေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေမော်တော်ပေါ်ရှိနေသူများကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

ရွှေဘုံသာရပ်ကွက်အရှေ့ဘက် ဧရာဝတီမြစ်အတွင်းမောင်းနှင်နေသည့် ဒေသအခေါ်ရွှေမော်တော်များကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ရွှေကူမြို့ဆိပ်ကမ်းနှင့် ၂ မိုင်ခန့်အကွာတွင်ရှိသည့် ရေပျံလေးဆိပ်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေနဲ့ ရဲတွေပေါင်းပြီး မီးရှို့တာ။ လက်နက်ကြီးနှစ်လုံးလည်းပစ်ပြီးတော့ အဲဒီရေပျံလေးဆိပ်ကနေ စပြီး ရွှေမော်တော်တွေကို မီးရှို့ပြီးမျှောလိုက်တာ” ဟုဆိုသည်။

ရွှေကူအခြေစိုက်စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၅၆ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ရွှေကူမြို့မ ရဲစခန်းမှ ကားလေးစီးဖြင့်ထွက်ခွာသွားပြီးနောက် ဖမ်းဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး အဆိုပါရွှေမော်တော်မှ ရွှေဖောင်ပိုင်ရှင်အပါအဝင် ၁၀ ဦးထက်မနည်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်ပြန်ကြိုးတုတ်ကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အဲ့ကလူတွေကိုလည်း ကားနဲ့စစ်တပ်ဘက်ကိုခေါ်သွားတယ်။ ရွှေဖောင်ပိုင်ရှင်လည်းပါသွားတယ်တဲ့၊ အလုပ်သမားတွေနဲ့အတူဟုတ်တယ်၊ နာမည်အတိအကျတော့မသိလိုက်ဘူး” ဟုပြောသည်။

စစ်ကောင်စီသို့ ငွေကြေးပေးကာ တူးဖော်နေခြင်းဖြစ်သော်လည်း တစ်စုံတစ်ရာပြောဆိုသတိပေးခြင်းမရှိဘဲ ဝင်ရောက်ဖမ်းဆီးကာ မီးရှို့သွားခြင်းဖြစ်သည်ဟု ရွှေတူးလုပ်ငန်းလုပ်ကိုင်သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီ) ခွင့်မပြုဘဲ ဘယ်သူမှမမောင်းရဲပါဘူး ပိုက်ဆံကပေးပြီးသား။ ဖမ်းပြီးလူတွေကိုက ခေါ်သွားတယ်။ မော်တော်တွေကိုတော့ ရှို့ပစ်တယ်။ ခန့်မှန်းတော့ ၁၅ ယောက်ကျော်မယ်” ဟုဆိုသည်။

ဖမ်းဆီးခံခဲ့ရသူများနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာကြားသိရခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ဗန်းမော်မြို့နယ်တွင် စစ်ကောင်စီတပ်က အောက်တိုဘာ ၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဧရာဝတီမြစ်ကြောင်း ရှင်းလင်းရေးပြုလုပ်မည်ဖြစ်ပြီး ရွှေတူးဖော်နေသည့် ဖောင်များကို တွေ့ရှိပါက လက်နက်ကြီးများ၊ လေကြောင်းမှ ပစ်ခတ်မှုများပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောဆိုထားကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းကလည်း ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းတစ်လျှောက်တွင် ရပ်ထားသည့် ရွှေတူးစက်လှေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ပြီး ရွှေဖောင်သမား အချို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta, Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ