တော်လှန်ရေးပူးပေါင်းတပ်များ မကြာခဏတိုက်ခိုက်လေ့ရှိသည့် ဖားကန့်မြို့မှ ရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသောနေရာများအနီးတွင် အရှိန်လျှော့ကုန်း (slow down) များပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိုင်းတောင်ကျေးရွာရှိ ရဲစခန်းနှင့်စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးတိုက်ခိုက်ခံရပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိမ်စီးကားများကိုလည်း မှန်ချကာ မောင်းနင်ခိုင်းသည်ဟု ရဲစခန်းအနီးနေထိုင်သူတစ်ဦးက The 74 Media ကိုပြောသည်။

“အစကတော့ ပေပါတွေနဲ့ပဲကာထားတာ အခု slow down တွေလုပ်လိုက်တော့ ပြန်လျှော့လိုက်တယ်။ တစ်ပါတ်လောက်တော့ရှိမယ် လုပ်ထားတာက လုံခြုံရေးကြောင့် လုပ်တာဖြစ်နိုင်တယ်။ မှန်အမဲနဲ့ အိမ်စီးကားတွေဆို မှန်ချပြီးမှသွားခိုင်းတယ်” ဟုပြောသည်။

အဆိုပါ အရှိန်လျှော့ကုန်း (slow down) မှာ အမြင့် (၃)လက်မခန့်ရှိပြီး လမ်း၏အကျယ်အတိုင်း အပြည့်ပြုလုပ်ထားကာ အနီးတွင်တိုင်ကီပုံးနှင့် သံဆူးကြိုးများဖြင့် ကာထားသော ကျားပါးစပ်များလည်း ချထားကြောင်း သိရသည်။

ထို့အပြင် ဥရုရတနာ ကျောက်စိမ်းတောင်တံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီးတွင်လည်း အရှိန်လျှော့ကုန်း (slow down) များပြုလုပ်ထားကြောင်း အသက် ၃၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အဝင်အထွက်မှာ လုပ်ထားတာ တွေ့ရတယ်။ သူတို့ရုတ်တရက်ထစစ်မယ်ဆိုလည်း လွယ်ကူအောင်လို့ နေမှာပေါ့။ အဲ့နေ့လုပ်တုန်းက စစ်သားတွေ သေနတ်နဲ့ လုံခြုံရေးယူထားတာတွေ့ရတယ်” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် အောက်တိုဘာလပထမအပါတ်က ကချင်လွတ်မြောက်ရေးတပ်(KIA)၊ KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဆိုင်းတောင်ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ရာ ပြည်သူတို၏ နေအိမ်တစ်အိမ် မီးလောင်ပြီး အချို့မှာ ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါတိုက်ပွဲတွင်လည်း KPDF တပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဗုံးပစ်လောင်ချာနှင့် ကားနှစ်စီးလည်း KPDF တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာရှိ ရဲစခန်းနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးတို့ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့က KIAနှင့် KPDF ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ