စစ်ကြောင်းသုံးကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ညနေ ၄ နာရီခန့်တွင် မြောင်းမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်သို့ ယနေ့ နံနက် ၇ နာရီခန့်က ဝင်ရောက်ခဲ့သောစစ်ကြောင်းက ခေါင်းကွဲကျေးရွာမှ အိမ်ခြေ ၃၀ ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်လိုရှို့သွားမှန်းကိုမသိဘူး ကျွန်တော်တို့လည်း တခြားရွာဘက်ကိုရှောင်တိမ်းနေတဲ့အချိန် မီးခိုးမြင်မှ ရွာကိုမီးရှို့နေတယ်ဆိုတာသိတာ။ သူတို့ကလုပ်ချင်တာလုပ်သွားတာ သူတို့ရဲ့လုပ်နည်းအတိုင်း လုပ်တယ်လို့ပဲ မြင်တယ်။ ကျွန်တော့အိမ်တော့မပါဘူး ပတ်ပတ်လည်ကအိမ်တွေအကုန်တစ်ခြမ်းလုံးပါသွားတယ်” ဟုပြောသည်။

မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်များမှ ဒေသခံပြည်သူများမှာလည်း အနီးရှိနေအိမ်များကို မှီခိုကာ နေထိုင်နေကြကြောင်းသိရသည်။

နေအိမ်မီးရှို့ခဲ့သော အင်အား ၆၀ ခန့်ပါရှိသည့် စစ်ကြောင်းမှာ ကျောက်စရစ်ရဲစခန်းမှ ထွက်ခွာလာသော စစ်ကြောင်းဖြစ်ပြီး ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယနေ့ညနေ ခြောက်နာရီခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း 11 Brother Revolution Force တာဝန်ခံ ကိုဆာဂျင် ကပြောသည်။

“မီးသာမငြိမ်းလိုက်နိုင်ဘူးဆိုရင် တော်တော်များများပါသွားမှာပေါ့ မီးစလောက်မယ့်ဟာတွေရော။ သူတို့(စစ်ကောင်စီ)တွေက မီးမလောင်သေးတဲ့အိမ်တွေ အိမ်ခေါင်မိုးပေါ်မှာလည်း ဓာတ်ဆီဗူးတွေ ပစ်ထားခဲ့တယ်။ အဲ့တာတွေရှင်းလင်းနိုင်ခဲ့တဲ့အတွက် အချိန်မှီမီးငြိမ်းနိုင်လိုက်တာပေါ့” ဟုပြောသည်။

အဆိုပါစစ်ကြောင်းသုံးကြောင်းမှာ ရေစကြိုမြို့၊ မြေတော်ကျေးရွာနှင့် ကျောက်ရစ်စခန်းရဲစခန်းတို့မှ ထွက်လာသော စစ်ကြောင်းတို့ဖြစ်ကြောင်း သိရသည်။

ခေါင်းကွဲကျေးရွာအုပ်စုတွင် ကျေးရွာနှစ်ရွာပါဝင်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု လေးရာငါးဆယ်ခန့်ရှိပြီး လူဦးရေ နှစ်ထောင်ကျော်ခန့်နေထိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း မြောင်မြို့နယ်၊ ပန်းညိုကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးကာ မီးရှို့ခဲ့သောကြောင့် နေအိမ် ၁၅၀ ခန့် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ