အင်းတော်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကာ ပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်က နန့်မကျိုင်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ဒေသအခေါ် မိုက်ခရိုဝေ့လမ်းဆုံအနီးတွင် တစ်နာရီခွဲခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီဘက် (KIA) ပွိုင့်ကင်းချထားတဲ့နေရာကို ထိုးစစ်ဆင်လာတော့ ပွိုင့်ကင်းကနေ ဟိုဘက်ဒီဘက်ပစ်ကြတာပေါ့။ သူတို့က နဘား(ကျေးရွာ)ကနေပြီးတော့ စစ်ကြောင်းသုံးကြောင်းခွဲပြီး တက်လာတာပေါ့ဒီဘက်ကို” ဟုဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိမှန်မှုကြောင့် အသက် ၂၅ နှစ်ခန့်အရွယ်ရှိ KIA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးမှာ တိုက်ပွဲဖြစ်နေသောနေရာ ဆိုင်ကယ် ဖြတ်သန်းမောင်းနင်မိသောကြောင့် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း PDF တပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“မိုးတွေလည်းအရမ်းရွာတော့ တိုက်ပွဲဖြစ်နေတယ်လို့ အော်တာမကြားဘဲ သူက မသိဘဲဖြတ်မောင်းလိုက်တဲ့အချိန် ဟိုဘက်ဒီဘက်နှစ်ဖက် ပစ်နေကြတာဆိုတော့ သူကကြားညှပ်သွားတာပေါ့” ဟုပြောသည်။

ကျည်ထိမှန် သေဆုံးခဲ့သည့် အမျိုးသမီးမှာ အသက် ၃၀ ကျော်ခန့်အရွယ်ရှိပြီး တိုက်ပွဲဖြစ်ပွားရာအနီး ဖြတ်သန်းသွားသည့် Light Truck ကားတစ်စီးလည်း ကျည်ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားပြီးနောက် တုန်ဟုန်းကားတစ်စီးနှင့် သုံးဘီးကားတစ်စီးတို့ဖြင့် ဒဏ်ရာရရှိထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နဘားကျေးရွာသို့ သယ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကို ကိုးကားကာ နဘားဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“တိုက်ပွဲဖြစ်ပြီးတဲ့နောက် တစ်နာရီလောက်ကြာတဲ့အချိန်မှာ ဘုန်းကြီးကျောင်းရဲ့အနောက်လမ်းကြားထဲကို ဝင်လာတယ်။ ကားပေါ်မှာလည်း ပက်လက်ကြီးမြင်လိုက်တယ်လို့ပြောတယ်။ ဘယ်နှစ်ယောက်လဲဆိုတာကတော့ ကျွန်မလည်းသေချာမကြည့်ရဲဘူးလို့ ပြောတယ်” ဟုဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပတ်သက်ပြီး The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက နန့်မကျိုင်ကျေးရွာရှိ ဈေးဆိုင်တစ်ခုမှ လူငယ်နှစ်ဦးကိုလည်း နဘားကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အောက်တိုဘာလ ၁၁ ရက်‌ နံနက်ပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

နန့်မကျိုင်းကျေးရွာရှိ ဒေသအခေါ် မိုက်ခရိုဝေ့လမ်းဆုံတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်တို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက နဘားကျေးရွာအတွင်း စစ်အင်အားဖြည့်တင်းကာ ယနေ့အချိန်ထိတပ်စွဲနေထိုင်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့ကလည်း နဘားလမ်းဆုံအနီးတွင် စစ်ကောင်စီနှင့် KPDF တပ်တို့ မိနစ် ၃၀ ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ