စစ်ကောင်စီတပ်က ယာဉ်တန်းများနှင့်အတူ စစ်ကြောင်းထိုးနေသောကြောင့် မိုးမောက်မြို့နယ်၊ နောင်ချိုကျေးရွာ ဒေသခံပြည်သူများ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) က နောင်ချိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေသောကြောင့် တောထဲတွင် ထွက်ပြေးတိမ်းရှောင်နေသည်မှာ ၁၀ ရက်ကျော်လာပြီဖြစ်ကြောင်း ဒေသခံစစ်ရှောင်အမျိုးသားတစ်ဦးက ‌The 74 Media ကို ပြောသည်။

“စစ်တပ်က ယာဉ်တန်းဖြတ်တာလေ၊ ရွာထဲကနေလည်း မထွက်သေးဘူး။ KIA ဘက်ကလည်း ရွာအထွက်ဘက် ရှိနေတာ၊ မိုင်းတွေထောင်ပြီး ပစ်ခတ်ကြတာ။ ရွာထဲမှာ လူလည်း မရှိတော့ဘူး။ ရွာထဲဝင်လို့လည်း မရဘူး၊ စစ်တပ်က တွေ့တာနဲ့ သေနတ်နဲ့ပစ်တာ။ အခုက တောထဲမှာ မိုးကရွာ၊ ခြင်ကကိုက်နဲ့ အရမ်းခက်ခက်ခဲခဲနေနေရတာ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေါ့ဖုန်းယန်မြို့နှင့် မာခွယ်ကျေးရွာလမ်းမပေါ်တွင် တပ်စွဲထားပြီး ပြည်သူများကို ဖမ်းဆီးစစ်ဆေးနေသောကြောင့် နောင်ချိုကျေးရွာမှ အိမ်ခြေ ၃၀ ကျော် တောတောင်ထဲ တိမ်းရှောင်နေကြကြောင်း အသက် ၃၀ နှစ်အရွယ် နောင်ချိုကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA က မာခွယ်ရွာနားမှာ ကြားဖြတ်တိုက်တာ၊ အဲ့ဒီစစ်ကြောင်းက ဒေါ့ဖုန်းယန်မြို့ထဲ ဝင်ဖို့ သွားနေတာ၊ တစ်ပတ်ကျော်လာပြီ မရောက်သေးဘူး။ မာခွယ်နားက တောင်မှာ KIA လာထိုင်ထားတာလေ၊ အဲ့နေရာမှာ စစ်တပ်ပြန်ထိုင်လိုက်တော့ ဘယ်သူမှလည်း မဖြတ်ရဲတော့ဘူး။ ပြည်သူတွေ သွားလာရခက်ခဲသွားတာပေါ့” ဟု ပြောသည်။

နီးစပ်ရာ မြို့ရွာများသို့ တိမ်းရှောင်ရန် လမ်းခရီးတစ်လျှောက်တွင် စစ်ကောင်စီတပ်က တပ်စွဲထားသောကြောင့် သက်ကြီးရွယ်အို၊ ကလေးများနှင့်အတူ တောတောင်ထဲတွင် စားနပ်ရိက္ခာများ မျှဝေစားသုံးနေကြကြောင်း တောထဲတိမ်းရှောင်နေသည့် အခြားစစ်ရှာင် အမျိုးသားတစ်ဦးက ပြောသည်။

“အရင်တစ်ခေါက် ရွာသားနှစ်ယောက် ရွာထဲဝင်တော့လည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ဒရုန်းနဲ့ စောင့်ကြည့်ပြီး လူမြင်ပြီဆိုရင် ပစ်ပြီ။ ဆန်တစ်အိတ်လုံး သယ်လာနိုင်တဲ့သူဆီကပဲ တောထဲမှာလည်း ဖုန်းနဲ့ ပြန်ဆက်သွယ်ပြီး ပြန်ချေးစား၊ ဟင်းကတော့ တောထဲက ချက်စားလို့ရတဲ့ အရွက်တွေ ချက်စားနေကြရတာ။ စစ်တပ်က ရွာထဲမှာလည်း အိမ်တွေ ဖျက်ဆီး၊ အဝတ်အစားကောင်းရင် ယူ၊ စားသောက်စရာလည်း သူတို့ပဲ စားလိုက်ကြတာ။ ရွာနားက လယ်တွေမှာလည်း ကျွဲ၊ နွားတွေ ဝင်လို့ အကုန်ပျက်စီးကုန်ပြီ” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က အင်အား ၅၀ ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းက မိုးမောက်မြို့နယ်၊ နောင်ကွယ်ကျေးရွာရှိ နေအိမ်များအတွင်း ဝင်ရောက်ဖျက်ဆီးကာ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားကြောင်း သိရသည်။

နောင်ချိုကျေးရွာ (ဇင်ဝါကထောင်ရွာ) ပါဝင်သော တိန်ဘုရားကျေးရွာအုပ်စုတွင် အိမ်ခြေ ၃၅၀ ခန့်ရှိပြီး လူဦးရေ ၁၇၀၀ ကျော်နေထိုင်ကြောင်း သိရသည်။

မိုးမောက် – ဒေါ့ဖုန်းယာန်လမ်းနှင့် မြစ်ကြီးနား – ဗန်းမော်ကားလမ်းတစ်လျှောက်ကျေးရွာများတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး အောက်တိုဘာ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က လိုင်လွမ့်ကျေးရွာအနီးတစ်ဝိုက်ကိုတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ