စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ အနောက်တောင်ဘက်ခြမ်းသို့ ယနေ့ နံနက် ငါးနာရီခန့်က စတင်ပြီး စစ်ကြောင်းနှစ်ကြောင်းဖြင့် ဝင်ရောက်လာသောကြောင့် ဒေသခံတစ်သောင်းကျော်ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးမည်ဟု သတင်းရသောကြောင့် ယနေ့ နံနက် သုံးနာရီခန့်မှ စတင်ကာ မိုးထဲရေထဲတွင် စစ်ဘေးရှောင်နေကြောင်း ကြောင်သန်းကျေးရွာမှ စစ်ရှောင် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးလည်းရွာတော့ အခက်ခဲကတော့အမျိုးမျိုးကြုံတွေ့ရတာပေါ့ဗျာ။ မြွေမကြောက်ကင်းမကြောက်နဲ့ ရွံ့တွေဗွတ်တွေကနေ ဖြတ်သန်းပြီးတော့ သူတို့(စစ်ကောင်စီ)နဲ့ ဝေးရာကို လွတ်ရာကိုပြေးရတာပေါ့ဗျာ။ မြွေတွေကင်းတွေထက်သူတို့ကပိုကြောက်ရတယ်။ စစ်ဘေးရှောင်တစ်သောင်းလောက်ရှိတယ်ဆိုတာ အနည်းဆုံးပြောတာ ကျွန်တော်တို့ရွာတောင် လူဦးရေ ခုနှစ်ထောင်ကျော်ရှိတယ်” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းက စစ်ရှောင်များကို ပစ်မှတ်ထားတိုက်ခိုက်နေသောကြောင့် စုဝေးနေထိုင်ခြင်းမလုပ်ဘဲ နီးစပ်ရာတောနှင့် စစ်ဘေးလွတ်နိုင်သော နေရာများတွင် လူစုခွဲကာနေထိုင်လျက်ရှိကြောင်း သူကဆက်ပြောသည်။

“လူစုလူဝေးနဲ့လည်းကောင်းကောင်းမနေရဲဘူး။ ဒီကောင်တွေက ကောင်းကင်ကနေပြန်ကြည့်ပြီး အမြောက်ကြီးတွေနဲ့ လှမ်းပစ်တာမျိုးတွေရှိနေတော့ လူစုပြီးမနေရဲဘူးဗျာ။ တချို့တွေက တောတဲမှာတွေနေကြရတယ်ဗျာ။ ထမင်းလည်းမစားရသေးဘူး” ဟုပြောသည်။

အဆိုပါစစ်ကြောင်းသည် အင်အား ၁၃၀ ကျော်ခန့်ရှိပြီး စစ်ကြောင်းထိုးချိန်တွင် ပုလဲမြို့နယ်၊ မြကုန်းကျေးရွာဒေသခံ လေးဦးနှင့် ကြောင်သန်းကျေးရွာဒေသခံ သုံးဦးတို့ကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့ကြောင်း ပုလဲမြို့နယ် ပကဖ အဖွဲ့ဝင်တစ်ဦးကဆက်ပြောသည်။

“အခုလည်း အဲ့စစ်ကြောင်းက ဘယ်ကိုသွားနေလဲဆိုတာ ကျွန်တော်တို့မှန်းရခက်ပါတယ်။ အဲ့စစ်ကြောင်းနှစ်ကြောင်းက ပြန်ပေါင်းမလား ဒါမှမဟုတ် ပျူရွာထဲပြန်သွားသလား ဘယ်လိုလားတော့မသိသေးဘူး။ ဒီစစ်ကြောင်းမှာ မြကုန်းကျေးရွာ ဓားစားခံလေးယောက်ပါသွားတယ်၊ ကြောင်သန်းကျေးရွာ ဓားစားခံသုံးယောက်ပါနေတယ်” ဟုပြောသည်။

ဓားစားခံအဖြစ် ဖမ်းဆီးသွားသော ဒေသခံများ ပြန်လွတ်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း နေအိမ်ပြန်မရောက်သေးသောကြောင့် အတည်ပြုနိုင်ခြင်းမရှိကြောင်း သူကပြောသည်။

လက်ရှိအချိန်တွင် ပုလဲမြို့နယ် တောင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်းအားအများအပြားဖြင့် ကင်းပုန်းဝပ်နေကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ကိုးရက်နေ့က စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးသွားကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ