ဖားကန့်မြို့ မှော်စီစာကျေးရွာတွင် စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦး ယနေ့ ညနေ‌ လေးနာရီခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်းသိရသည်။

သတ်ဖြတ်ခံရသူမှာ အောင်သာယာရပ်ကွက်(၂) မြေစာပုံအနီးရှိ ကိုဖက်တီးစားသောက်ဆိုင်၏ ပိုင်ရှင်ဖြစ်ပြီး အမည်မသိလက်နက်ကိုင်များကသေနတ်ဖြင့်ပစ်ခတ်သွားကြောင်း အဆိုပါရပ်ကွက်တွင်နေထိုင်သော ရေမဆေးကျောက်ရှာသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆိုင်ထဲမှာလည် လူတွေရှိတယ်ဗျ။ Wifi လည်းရတယ်ဆိုတော့ လူတွေလည်များတယ်။ ဆိုင်ရှေ့ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက်ရောက်လာပြီးသေနတ်နဲ့ကိုဖက်တီးကို ပစ်ထည့်သွားတာ။ ခပ်ငယ်ငယ်ကောင်လေးတွေပဲ”ဟုပြောသည်။

သေဆုံးသွားသူမှာ အသက် ၄၀ နှစ်အရွယ် ကိုအောင်မြင့်သိန်း(ခ) ကိုဖက်တီးဆိုသူဖြစ်ပြီး ဦးခေါင်းသေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ရုပ်အလောင်းအား လုံးခင်းသင်္ဂဟလူမှူကူညီရေးအဖွဲ့မှ လာရောက်သယ်ယူသွားကြောင်း လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးကဆက်ပြောသည်။

“ခေါင်းကြီးပဲ နှစ်ချက် ပစ်ခံရတာဟုတ်တယ်။ အလောင်းကိုတော့ လုံးခင်းသုသာန်ကို ပိုထားပေးလိုက်ပြီး။ တစ်ခါတည်း ပွဲချင်းပြီး ဆုံးတာဗျ”ဟုသူကပြောသည်။

ဖားကန့်မြို့ ဖားပြင်ကျေးရွာတွင်လည်း ပြီးခဲ့သည့် အောက်တိုဘာလ ငါးရက်နေ့က မုန့်သည် အမျိုးသားတစ်ဦးနှင့် ဆီထည့်နေသည့် အမျိုးသားတစ်ဦးတို့ကို အမည်မသိလက်နက်ကိုင်များက သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် သေဆုံးသွားသည်။

သတင်း – Pe Ti

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ