ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်တောင်း-ဖာဖိန့်ကျေးရွာကို ဆက်သွယ်ထားသောလမ်းတွင် ယမန့်နေ့ ညနေ လေးနာရီခန့်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်တောက်လိုက်ရကြောင်း သိရသည်။

ဖာဖိန့်ကျေးရွာမှ နမ့်တောင်းကျေးရွာသို့ ခြေလျင်ဖြင့် ဈေးသွားဝယ်ချိန် စစ်ကောင်စီထောင်ထားသည့် မြေမြုပ်မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အသက် ၂၇ နှစ်အရွယ် ဖာဖိန့်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကို ပြောသည်။

“အများပြည်သူသွားတဲ့လမ်းကို စစ်ကောင်စီက ဖျက်လိုက်တော့ သွားလာရေး အရမ်းခက်ခဲသွားတာ။ မနေ့ညကလည်း ဖျက်ထားတဲ့ လမ်းနားမှာပဲ မိုင်းနင်းမိသွားတာ။ ဖာဖိန့်ရွာက ဆားဆိုရင်လည်း နမ့်တောင်းဘက် သွားဝယ်ရတယ်လေ။ အဲ့ဒါ သူ့သူငယ်ချင်းတစ်ယောက်က ရှေ့ကသွားတာ ဘာမှမဖြစ်ဘူး၊ သူ(ဒဏ်ရာရသူ)က မိုင်းမိသွားတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းက နမ့်တောင်း-ဖာဖိန့်လမ်းကို စစ်ကောင်စီတပ်က ဘူဒိုဇာဖြင့် မြေတူးဖျက်ဆီးပြီးနောက် မိုင်းထောင်ထားသောကြောင့် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသူ လေးဦးရှိနေပြီဖြစ်ကြောင်း မူဆယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“လမ်းဖျက်ပြီးတဲ့နောက် မိုင်းနင်းမိတာ ဒီတစ်ယောက်နဲ့ဆို လေးယောက်ရှိပြီတဲ့။ ရွာသားတွေဆီက သိရတာ စစ်ကောင်စီထောင်ထားတဲ့ မိုင်းလို့ ပြောတယ်” ဟု ပြောသည်။

မိုင်းနင်းပြီး ခြေထောက်တစ်ဖက် ဆုံးရှုံးသွားသူမှာ ဖာဖိန့်ကျေးရွာ ဒေသခံဖြစ်သည့် အသက် ၃၅ နှစ်အရွယ် ဦးလရှီးနော်ဆိုသူဖြစ်ပြီး လက်ရှိ မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

စစ်ကောင်စီတပ် ဖျက်ထားသော လမ်းတွင် မိုင်းနင်းမိသူများလာသောကြောင့် ဖာဖိန့်ဒေသခံများ သဘောတူညီချက်ဖြင့် သတိပေးဆိုင်းဘုတ် စိုက်ထူခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်က နမ့်တောင်း-ဖာဖိန့်ကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာနှင့် ဖာဖိန့်-နမ့်ကတ်-ဘန်ဂျုံကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာကို ဘူဒိုဇာဖြင့် မြေတူးဖြတ်တောက်ခဲ့သောကြောင့် ဒေသခံပြည်သူများ သွားလာရေး ခက်ခဲနေကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ