လိုင်ဇာမြို့အနီးရှိ မုန်လိုင်ချောင်းတွင် ယနေ့ နံနက် ၇ နာရီခန့်က အမည်မသိအမျိုးသမီးတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးခဲ့သည့်အမျိုးသမီးမှာ တရုတ်ပြည်မှမုန်လိုင်ချောင်းကိုဖြတ်ကူးလာသူဖြစ်နိုင်သည်ဟု ဒေသခံအမျိုးသားတစ်ဦးဖြစ်သူ ဦးနော်မိုင်က The 74 Media ကိုပြောသည်။

“တရုတ်ပြည်ဘက်ကနေ ကူးလာပြီး ရေစီးနဲ့မျောသွားတာ စစ်ရှောင်စခန်းက ကလေးနှစ်ယောက် ငါးသွားမျှားတဲ့အချိန်တွေ့တာ အစကအိတ်အပြာတစ်လုံးပါတယ်တဲ့။ လူလိုက်ခေါ်ပြီး လိုက်ဆယ်တော့ ချောင်းအောက်ဘက်မှာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ပဲ ကျောက်တုံးမှာ ညှိနေတာ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး တအောင်းလူမျိုးဟု ကနဦးသိရကြောင်း သူကပြောသည်။

အဆိုပါအမျိုးသမီး၏ ခန္ဓာကိုယ်တွင်ပါလာသော အိတ်အတွင်း တရုတ်ငွေယွမ် ၁၇၀၀၊ ကျောက်တစ်လုံး၊ ဘုရားဆင်းတုတစ်ခုနှင့် တရုတ်ဖုန်းနံပါတ်နှစ်ခုပါရှိသော စာရွက်တစ်ခုတို့ပါရှိကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ နေ့လယ်က လိုင်ဇာသုဿန်တွင် သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံများက ဆိုသည်။

လိုင်ဇာမြို့ရှိ မုန်လိုင်ချောင်းတွင် နှစ်စဉ်ရေနစ်သေဆုံးမှုရှိပြီး ပြီးခဲ့သည့်နှစ်ကလည်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ