ဖားကန့်မြို့နယ် အခွန်ဦးစီးရုံးမှ ဦးစီးမှူးနှင့် အခြားတစ်ဦးကို အောက်တိုဘာလ ၉ ရက် ညနေ ပိုင်းတွင် အမည်မသိလူတစ်စုက လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

ကွမ်းယာသွားဝယ်ရန်ဆိုင်ရှေ့တွင် ရပ်နေချိန် ကားတစ်စီးဖြင့် ဦးစီးမှူးနှင့် ဒုဦးစီးမှူးတို့ကို ညနေသုံးနာရီခန့်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မှော်ဝမ်းရပ်ကွက်နေကုန်စိမ်းသည်တစ်ဦးက The 74 Media ကိုပြောသည်။

“ကွမ်းယာဆိုင်ရှေ့မှာ ကားနဲ့ခေါ်တင်သွားတာဟုတ်တယ်။ ဖမ်းခေါ်သွားပြီးတဲ့နောက် သူတို့ရုံးကလူတွေလည်း ထွက်ပြီးလာကြည့်ကြတယ်။ အဲ့နားပြောသံကြားတာတော့ အရာရှိတွေလို့သိရတယ်” ဟုသူကပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်တပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာပြည်သူများကို စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း အသက် ၄၁ နှစ်ခန့်အရွယ်ရှိနှစ်ခန့်အရွယ်ရှိ ရေအေးချောင်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“စစ်တပ်ဘက်ညနေပိုင်း စစ်တာတွေတော့ရှိတယ်။ မနက်ဖြန်လည်း ထပ်စစ်မယ်လို့သိရတယ်” ဟုသူကပြောသည်။

ဖမ်းဆီးခံရသူနှစ်ဦးနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ တစ်စုံတစ်ရာ ကြားသိရခြင်းမရှိသေးကြောင်း သိရသည်။

ဖားကန့်မြို့ လုံးခင်းကျေးရွာတွင် ပြီးခဲ့သည့်အောက်တိုဘာလ (၉) ရက်နေ့ကလည်း ဖားကန့်အကျဉ်းထောင်မှ ဝန်ထမ်းအမျိုးသမီးသံုးဦးကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဖမ်းဆီးသွားပြီး ပြန်လည်လွတ်ပေးခဲ့သည်။

သတင်း – Pe Ti

ပုံ – Credit

သင့်ထင်မြင်ချက်ရေးပေးပါ