စစ်ကောင်စီတပ်က မုန်လိုင်ခက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် တရားမျှတမှုနှင့် အမှန်တရားအတွက် ကချင်ပြည်သူလူထု၊ ကချင်လွတ်မြောက်ရေးတပ်(KIO/KIA)နှင့်တစ်သွေးတည်း တစ်သားတည်းရှိကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သော AA၊ MNDAA၊ TNLA တို့က မုန်လိုင်ခက် စစ်ရှောင်စခန်းသည် စစ်ရေးပစ်မှတ်မဟုတ်ဘဲ စစ်ရှောင်စခန်းတစ်ခုသာဖြစ်ပြီး ကလေးသူငယ်များအပါအဝင် ပြည်သူ ၂၉ ဦးသေဆုံးမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားကြသည်။

ထို့အပြင် နိုင်ငံရေး၊ စစ်ရေး နှင့် အဘက်ဘက်ရှုံးနိမ့်နေသောစစ်ကောင်စီသည် ပြည်သူအပေါ် အငြိုးအတေး အာဃာတကြီးစွာဖြင့် တိုက်ခိုက်နေခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ နိုင်ငံအနှံ့တွင် ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော စစ်ရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခဲ့သောကြောင့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်ထားပြီး အဆိုပါလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ကချင်တိုင်းရင်းသားများ ထိခိုက်ဆုံးရှုံးမှုအပေါ် NUG အနေဖြင့် ထပ်တူခံစားရသလို ထိခိုက်ဆုံးရှုံးခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရယူ ပေးနိုင်ရန် ကြိုးစားသွားမည်ဟုဆိုသည်။

အလားတူ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC) ကလည်း အာဏာတည်မြဲရေးအတွက် ပြည်သူကို သတ်ဖြတ်နေသည့် စစ်အာဏာရှင်ကျရှုံးသည်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်းအသိပေးထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးအဖွဲ့(UN) နှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) မှာမူ စိုးရိမ်ပူပန်သည်၊ ထိတ်လန့်ဝမ်းနည်းသည်ဟုဆိုသော်လည်း ဗုံးကြဲသည့် စစ်ကောင်စီတပ်၏ အမည်ကို ဖော်ပြထားခြင်း မရှိကြောင်း တွေ့ရသည်။

အမေရိကန်၊ ပြင်သစ်၊ ကနေဒါနိုင်ငံတို့က မုန်လိုင်ခက်စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်မှုအပေါ် ရှုတ်ချကြောင်းထုတ်ပြန်ထားသည်။

မုန်လိုင်ခက်စစ်ရှောင်စခန်းသည် လိုင်ဇာမြို့နှင့် နှစ်မိုင်ခန့်ကွာဝေးပြီး အောက်တိုဘာ ၉ ရက်နေ့ ညက စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၁၁ ဦးအပါအဝင် စစ်ရှောင်ပြည်သူ ၂၉ ဦးသေဆုံးခဲ့သည်။

ပြီးခဲ့သည့်နှစ်‌ အောက်တိုဘာလက ဖားကန့်မြို့နယ် အနန့်ပါတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၇၀ ကျော်သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့သည်။

သတင်း – Har Na

ပုံ – ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဦးကို တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ