စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့သည့် ခင်ဦးမြို့နယ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ပြည်သူနှစ်ဦးသတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ကံသာယာဒေသခံ အမျိုးသမီးနှင့် အမျိုးသားတစ်ဦးတို့သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ပြီး အခြားအမျိုးသားတစ်ဦးလည်း ဖမ်းဆီးခံခဲ့ရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“သူ့ယောက်ျားကို အသည်းအသန် ဖမ်းသွားတဲ့အခါကျတော့ ပြောရင်းနဲ့ပစ်သတ်ပြီး နားကပ်ကို လှီးယူသွားတဲ့ပုံစံမျိုးပေါ့ဗျာ။ နားတွေကပြဲနေတော့။ ပြီးမှ ရွာအပြင်မှာ တစ်ယောက်ထပ်ကျဆုံးတယ်။ အဲ့တာကရမ်းပစ်တဲ့အတွက် သေနတ်ဒဏ်ရာနှစ်ချက်နဲ့ သေဆုံးသွားတာ” ဟုပြောသည်။

သေဆုံးသူနှစ်ဦးမှာ အသက် ၂၉ နှစ်ခန့်အရွယ်ရှိ မပြာညိုဆိုသူနှင့် အသက် ၃၄ နှစ်ခန့် အရွယ်ရှိ ကိုဖိုးခိုင်ဆိုသူတို့ဖြစ်ပြီး ဖမ်းဆီးခံရသူမှာ အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုဖိုးနီဆိုသူဖြစ်ကြောင်းသိရသည်။

ကိုဖိုးခိုင်နှင့် မပြာညိုတို့၏ ရုပ်အလောင်းကို ယမန်နေ့ညနေ သုံးနာရီခန့်က မီးရှို့သင်္ဂြိုဟ်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

အင်အား ၇၀ ခန့်ပါရှိ‌သော အဆိုပါ အောင်လံအခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ – ၇၁) မှာ ‌စစ်ကြောင်းသွားရာတစ်လျောက်ရှိ ဒေသခံပြည်သူတို့၏ နေအိမ်များကို မီးရှို့ဖျက်ဆီးလေ့ရှိကြောင်း ဗိုလ်အမ်စက်စ်က ပြောသည်။

“သူတို့စစ်ကြောင်းထိုးတဲ့နေရာမှာရှိတဲ့ ဒေသခံတွေရဲ့ပစ္စည်းတွေယူသွားတာ ခိုးသွားတာလုသွားသွားတာဆိုတာက သူတို့လုပ်နေကျအလုပ်ပဲ။ ကျွန်တော်တို့အဖွဲ့က မိုင်းဆွဲလို့သူတို့အထိနာသွားပြီဆို သူတို့က ပြည်သူတွေရဲ့နေအိမ်တွေမီးရှို့တယ်” ဟုပြောသည်။

အဆိုပါစစ်ကြောင်းမှာ ရေဦး၊ ခင်ဦးနှင့် ရွှေဘိုတို့တွင် လှည့်လည်သွားလာနေပြီး လက်ရှိ ခင်ဦးမြို့သို့ရောက်ရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၇ ရက်နေ့ကလည်း ခင်ဦးမြို့၊ မြကန်သာရပ်ကွက်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနှင်းခဲ့ပြီး တစ်နှစ်ခွဲကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ