နွားလှည်းကို ဝင်တိုက်မိသောကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရသွားသည့်ဖြစ်စဉ် ဝိုင်းမော်မြို့အဝင်ဆိုင်းဘုတ်အနီးတွင် ယမန်နေ့ ညခုနှစ်နာရီခွဲအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

လူငယ်သုံးဦးစီးနင်းလာသောဆိုင်ကယ်က နွားလည်းကိုဝင်တိုက်မိရာ ဆိုင်ကယ်မောင်းနင်သူ ဘယ်ဘက်ပေါင်ကျိုးသွားကြောင်း မွန်မြတ်စေတနာလူမှုကူညီရေးတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“သွားနေတဲ့ နွားလှည်းကိုသွားတိုက်တာတဲ့။ ကျွန်တော်တို့သွားကြည့်တော့ တစ်ယောက်က ဘယ်ဘက်ပေါင်ကျိုးသွားပြီ။ ကျန်နှစ်ယောက်က ပွန်းပဲ့တာလောက်ပဲ၊ ဘာမှမဖြစ်ဘူး” ဟုပြောသည်။

ပေါင်ကျိုးသွားသည့် လူငယ်အမျိုးသားမှာ အသက် ၁၆ နှစ်ခန့်အရွယ် ခတ်ချိုကျေးရွာဒေသခံဖြစ်ပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကလည်း ဝိုင်းမော်မြို့နယ် အောင်မြေ ၁ ကျေးရွာအထွက်တွင် ၆ နှစ်အရွယ် ကလေးတစ်ဦးလမ်းဖြတ်ကူးစဉ် ကားတိုက်မှုဖြစ်ပွားခဲ့ပြီးသေဆုံးသွားကြောင်း သိရသည်။

 

သတင်း – Doi Awng

ဓါတ်ပုံ – မွန်မြတ်စေတနာလူမူကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ