ပြည်သူတို့၏ နေအိမ်တံခါးများကို ဖျက်ဆီးကာ ပစ္စည်းများ ခိုးယူခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးမောက်မြို့နယ်မှ အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း သိရသည်။

မိုးမောက်မြို့နယ် နောင်းကုန်းကျေးရွာကို ပြီးခဲ့သည့် အောက်တိုဘာလ ၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေချိန် နေအိမ်တံခါးများကို ရိုက်ချိုးဖျက်ဆီးကာ ပစ္စည်းများယူသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခန်းတွေ သော့ခတ်ထားတာရှိရင်လည်း ဒီအတိုင်းရိုက်ဖွင့် ကန်ဖွင့်တာ။ ပြီးတော့ ရေခဲသေတ္တာတွေဆိုလည်း ရိုက်ဖွင့်။ ဖျက်ဆီးဖို့သက်သက်ဝင်လာသလိုပဲ။ ပြီးတော့ တံခါးပိတ်ထားတဲ့ အိမ်အကုန်လုံးကို ဒီကောင်တွေ ဖျက်ဝင်ပြီးမှ တန်ဖိုးရှိတဲ့ပစ္စည်းတွေအကုန်လုံးယူ တစ်ရွာလုံးကိုမွှေတာ” ဟုဆိုသည်။

ထို့အပြင် အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးကိုလည်း အဆိုပါစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး အောက်တိုဘာ ၉ ရက်နေ့ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်ခဲ့ချိန်က နေအိမ်အတွင်းပုန်းနေသည့် အသက် ၅၀ နှစ်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးလည်း အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူကတိုက်ခန်းမှာ ဒီအတိုင်းပုန်းထားတာတွေ့တော့ ကောင်မဒီမှာလာအိပ်ဆိုပြီး လက်ဆွဲပြီးမှခေါ်တော့ မလုပ်ပါနဲ့ ကျွန်မကလေးရှိတယ်ဆိုပြီးတော့ အော်တာပေါ့်နော်။‌ အော်တော့ သူ့အဖေက ဗုံးခိုကျင်းထဲက ထွက်လာတော့ အစောင့်(စစ်ကောင်စီတပ်ဖွဲ့ဝင်)နောက်တစ်ယောက်က ဓားထုတ်ပြီး ခုတ်ဖို့သွားလုပ်။ ပိုက်ဆံလိုရင်လည်း ပိုက်ဆံပေးမယ်ဆိုပြီး ငါးသောင်းထုတ်ပေးတဲ့အခါကျတော့ ဘာမှမပြောဘဲ ထွက်သွားတယ်တဲ့” ဟုပြောသည်။

အိမ်ခြေတစ်ရာကျော်ခန့်ရှိသည့် နောင်းကုန်းကျေးရွာမှ ဒေသခံပြည်သူများသည် လက်ရှိအချိန်တွင် ဘုန်းကြီးကျောင်းများနှင့် နီးစပ်ရာဆွေမျိုးများထံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ KIO ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးသို့ စစ်အင်အားဖြည့်တင်းရန် ဆက်လက်ထွက်ခွာသွားကြောင်း သိရပြီး ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့က ဗန်းမော်မြို့မှ စစ်ယာဉ်တန်းများဖြင့် တင်လာသည့် တပ်ဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။

ဗန်းမော် – မြစ်ကြီးနား ကားလမ်းမကြီးအတိုင်း လိုင်ဇာသို့တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင်လည်း စစ်ကြောင်းထိုးဝင်ရောက်ကာ အလားတူ ခိုးယူဖျက်ဆီးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ