စစ်ကောင်စီတပ်က ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းရှိ လိုင်လွမ်အောင်ဂျာကျေးရွာ အနီးတစ်ဝိုက်ကို ယနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ တိုက်လေယာဉ်က လိုင်လွမ်ကျေးရွာအနီးတွင် ဗုံး ၂ ကြိမ် လာကြဲသွားပြီးနောက် မြစ်ကြီးနားဘက်သို့ ပြန်ခေါက်သွားကြောင်း ကေအိုင်အေသတင်းရင်းမြစ်တစ်ဦးက The 74  Media ကိုပြောသည်။

“တိုက်လေယာဉ်နဲ့ လာပစ်သွားတာ၊ အခု လိုင်လွမ်ဘက်မှာ လက်နက်ကြီး လက်နက်ငယ်သံတွေ မြည်နေပြီ၊ တိုက်ပွဲဖြစ်နေပြီ” ဟုဆိုသည်။

စစ်ကောင်စီတိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်သွားသည့်နေရာသည် ကေအိုင်အေ တပ်မဟာ ၅ နယ်မြေတွင်ဖြစ်ကြောင်း ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်တစ်ဦးက ဆက်ပြောသည်။

“ခဏက လေယာဉ်နှစ်စီးနဲ့နှစ်ကြိမ် လာကြဲသွားတယ်။ ဘယ်နေရာမှာလဲတော့ အတိအကျပြောဖို့ခက်တယ်။ ထိခိုက်ဒဏ်ရာရသူတွေရှိနိုင်တယ်၊ အတိအကျတော့မသိရသေးဘူး” ဟုပြောသည်။

KIA ဌာနချုပ်အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ယမန်နေ့ညက စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးသူငယ် ၁၁ ဦးအပါအဝင်စုစုပေါင်း စစ်ရှောင်ပြည်သူ ၂၉ ဦး သေဆုံးကာ ၅၀ ဝန်းကျင်ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ကေအိုင်အေတပ်ဖွဲ့ဝင်များ အောင်ဂျာစစ်ကောင်စီတပ်စခန်းကို သွားရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ငါးကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – စစ်ကောင်စီတိုက်လေယာဉ်နှစ်စီးကို တွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

 

သင့်ထင်မြင်ချက်ရေးပေးပါ