ဖားကန့်မြို့ လုံးခင်းကျေးရွာရှိ ဂေါက်ကွင်းရေကန်တွင် ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်၏ ရုပ်အလောင်း ယနေ့ နံနက် ၉ နာရီခန့်က ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရသည်။

မြစိမ်းရောင်ဂေါက်ကလပ် ကျင်းနံပါတ် ၃ ရှိ ရေကန်တွင် ယမန်နေ့ညနေ ၄ နာရီခွဲခန့်က ရေနစ်သေဆုံးခဲ့ပြီး ယနေ့ နံနက်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အသက် ၂၃ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မိုးများထားတော့ ရေကပြည့်နောတ ဟိုတစ်နေ့ကလည်း ကလေးတွေရေကူးနေတာတွေ့တယ်။ ကလေးက ငယ်ငယ်လေးရှိသေးတယ်” ဟုပြောသည်။

သေဆုံးခဲ့သူ အသက် ၇ နှစ်ခန့်အရွယ်ရှိ မောင်မုန်ဒန်အောင်မှာ လုံးခင်းအုပ်စု အောင်ရာကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ရေဆော့ကစားစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဂေါက်ကွင်းထဲက ရေကန်ထဲ ရေချိုးရင်း ရေနစ်မြုပ်သွားတာလို့ပြောတယ်။ ကလေးကိုတော့ ရေထဲက ပြန်ဆယ်ယူနိုင်ခဲ့တယ်။ ဒါပေမဲ့ အသက်ကမရှိတော့ဘူး။ မိသားစုနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့ မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်တွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့က ပုပ်ပွသေဆုံးနေသည့် ရေမဆေးသမားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။

သတင်း – Pe Ti

ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ