စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယမန်နေ့ည ၁၁ နာရီခွဲခန့်က KIA ဌာချုပ်အနီးရှိ မုန်လိုင်ခက်စစ်ရှောင်စခန်းမှ ပြည်သူ ၂၉ ခန့်သေဆုံးခဲ့ရာ နှစ်လသားအရွယ်တစ်ဦးအပါအဝင် ကလေးသူငယ် ၁၀ ဦးကျော်ပါဝင်ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ စစ်ရှောင်ပြည်သူများဖြစ်ကြပြီး လက်ရှိအချိန်ထိ ရုပ်အလောင်း ၂၉ ခုတွေ့ရှိထားကာ ၁၄ နှစ်အောက် ကလေး ၁၁ ဦးပါဝင်သော်လည်း အချို့ကိုမည်သူမည်ဝါမှန်း မသိရှိရသေးကြောင်း ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“တချို့က ခေါင်းမပါတော့ဘူး။ တချို့က မျက်နှာက ပျက်စီးသွားတော့ ဘယ်သူဘယ်ဝါဆိုပြီး နာမည်တောင် မသိတော့ဘူး” ဟုပြောသည်။

မုန်လိုင်ခက်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲရာတွင် လက်နက်ကြီးသံ ခုနှစ်ချက်ထက်မနည်း ဆက်တိုက်ကြားခဲ့ရသည်ဟု မုန်လိုင်ခက်စစ်ရှောင်စခန်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။

“ပေါက်ကွဲသံ ခုနှစ်ချက်၊ ရှစ်ချက်လောက်ဆက်တိုက်ကြားရတယ်။ အိမ်အပေါ်ကျတယ်လို့တောင်ထင်သွားတာ အသံကအရမ်းကျယ်တယ်။ မျက်နှာကျက်ကနေတောင် ဖုန်တွေပြန်ကျတယ်။ တစ်ညလုံးတုန်နေတာ အိပ်လို့တောင်မရဘူး” ဟုပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို ယနေ့ နံနက် ၁၁ နာရီခန့်က သင်္ဂြိုဟ်လိုက်ပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူများမှ ၄၄ ဦးမှာ ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါဖြစ်စဉ်တွင် မိသားစုလိုက် သေဆုံးခဲ့သူများလည်းရှိပြီး မိခင်သေဆုံးသွားသောကြောင့် ကျန်ရှိခဲ့သည့် တစ်လခွဲခန့်အရွယ်ရှိ ကလေးငယ်တစ်ဦးကိုလည်း လိုင်ဇာပြည်သူ့ဆေးရုံမှ အခြားမိခင်တစ်ဦးက နို့ချိုတိုက်ကျွေးထားပေးကြောင်း သိရသည်။

ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီး အမျိုးအစားကို အတိအကျမသိရသေးသော်လည်း စစ်ရှောင်စခန်းမှာ အားလုံးပျက်စီးသွားပြီး မြေကြီးမှာလည်း အလွန်နက်သောကြောင့် ရေပင်ထွက်သည်ဟု လိုင်ဇာမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။

“လက်နက်ကြီးကျတဲ့နေရာက ငါးကန်ထက်တောင်ကြီးတယ် အကျယ်က နက်တာကတော့ ရေတောင်ထွက်တယ် ဘေးကအိမ်တွေ မထိတဲ့အိမ်ဆိုတာ တစ်အိမ်မှမရှိဘူး။ စစ်ရှောင်စခန်းဆို ရစရာမရှိဘူး။ အကုန်ပျက်စီးတာ။ သေတာတွေကအစ ဒဏ်ရာရတာအဆုံး စစ်ရှောင်ကပြည်သူတွေပဲ” ဟုပြောသည်။

 

မုန်လိုင်ခက်စစ်ရှောင်စခန်းသည် လိုင်ဇာမြို့နဲ့ နှစ်မိုင်ခန့်အကွာ၊ နမ်ဆန်ယန်ကျေးရွာနဲ့ ၁၀ မိုင်ခန့်အကွာတွင် တည်ရှိပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီး မကြာခဏကျရောက်ပေါက်ကွဲလေ့ရှိသည်။

အဆိုပါစစ်ရှောင်စခန်းတွင် ၂၀၁၁ ခုနှစ် တကျော့ပြန်တိုက်ပွဲပြင်ထန်လာချိန် ထွက်ပြေးတိမ်းရှောင်ခဲ့သည့် ဝေကြိုင်စစ်ရှောင်စခန်းမှ ထပ်မံပြောင်းရွှေ့လာသူများဖြစ်သည်။

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၂၃ ရက်နေ့မှာလည်း KIA တပ်မဟာ ၉ ဖားကန့်မြို့နယ် ကံစီးကျေးရွာအနီးရှိ အနန့်ပါကို စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကျဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၆၀ ကျော်သေဆုံးခဲ့သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ