စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပုလဲမြို့နယ်တွင် ယနေ့တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

ကုက္ကိုကုန်းကျေးရွာအနီးရောက်ရှိလာသော စစ်ကောင်စီယာဉ်တန်းကို ယနေ့နံနက် ၁၀ နာရီခန့်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု M7 People’s Defense Force မှ ဒု-တပ်ရင်းမှူးကိုမြတ်က The 74 Media ကိုပြောသည်။

“ရှေ့ပွိုင့်ထွက်တဲ့ကားတန်းကိုပေပါမိုင်းတွေ ရှေ့ထွက်မိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ။အတည်ပြုတာက ကျွန်တော်တို့မိုင်းဆွဲတဲ့ရဲဘော်တွေ မျက်မြင်ပေါ့၊ နောက်ပြီးကျတော့ ဖရဲသီးသတင်းရောပေါ့၊ အနည်းဆုံးတော့ ငါးကောင်” ဟုပြောသည်။

တိုက်ခိုက်မှုတွင် မိုးကြိုးပြောက်ကျားစစ်ဒေသ (၂၀၂)၊ M7 People’s Defense Forceနှင့် NSCC တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တန်းကို နေ့လယ် ၁၂ နာရီခန့်က ဇေတီယျုံကျေးရွာ အနီးတွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRAက စနိုက်ပါဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးသွားကြောင်း BNRA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

“ကျေးရွာလမ်းခွဲအရောက်မှာ နောက်ချန်ယာဉ်တန်းနဲ့အတူ ဘေးမှာလျှောက်လာတဲ့ စကစတပ်သားတွေကို စနိုက်ပါနဲ့ပစ်ခတ်ခဲ့တယ်။ ကားတန်းကိုလည်း Gun(သေနတ်) ငယ်တွေနဲ့ ပစ်ခတ်မှုမှာလည်း စကစတပ်သားတွေ ထိခိုက်မှုရှိနိုင်တယ်” ဟုပြောသည်။

စစ်ကောင်စီယာဉ်တန်းတွင် ဘက်ဟိုတင်ကားအပါအဝင် စုစုပေါင်းယာဉ် ၁၈ စီးပါရှိပြီး ဆားလင်းကြီးမြို့နယ်မှ ထွက်ခွာလာသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ပြီးခဲ့သည့်အောက်တိုဘာလ လေးရက်နေ့ကလည်း အဆိုပါစစ်ကြောင်းကို ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ကြားဖြတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

သတင်း – Dureng

ပုံ – M7 တပ်ဖွဲ့ဝင်များ (ပေးပို့)

သင့်ထင်မြင်ချက်ရေးပေးပါ