မိုးညှင်းမြို့အရှေ့တောင်ဘက်ရှိ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲသည့် နေရာတစ်ခုကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူအများအပြားကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

အရှေ့စုနှင့် အောင်သပြေရပ်ကွက် မြို့ရှောင်လမ်းရှိ ရာဘာခြံအနီးတွင် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိုးညှင်းမြို့ခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“အဲဒီမှာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အခန်းတွေလည်းရှိတယ်။ အဲဒီကလူတွေတော့ အကုန်လုံး ပါသွားတာပေါ့နော်။ ပြီးရင်အခင်းသွားလုပ်တဲ့သူတွေလည်းပါသွားတယ်။ ကျွန်မတို့လမ်းကတောင် ယောကျ်ားလေးကြီးပဲ ခြောက်ယောက်လောက်ပါသွားတာပေါ့” ဟုဆိုသည်။

အဆိုပါမြို့နှင့်အလှမ်းဝေးသော နေရာတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဘိန်းခန်းများဖွင့်ကာ မူးယစ်ဆေးဝါး တွင်တွင်ကျယ်ကျယ် ရောင်းဝယ်လာကြပြီး လာရောက်သုံးစွဲသူများတွင် မိုးညှင်းမြို့‌နေရာပေါင်းစုံမှ ပါဝင်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဖမ်းဆီးခံရသူများတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများအပြင် အခင်းလုပ်ကိုင်သူများလည်းပါဝင်ပြီး အသက်ကြီးပိုင်း အမျိုးသားအချို့ကို ပြန်လည်လွှတ်မြောက်လာသော်လည်း ဆက်လက် ဖမ်းဆီးခံထားရသူများလည်းရှိကြောင်း အရှေ့စုရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အသက် ၄၀၊ ၅၀ အဖွဲ့တော့ ပြန်လွှတ်လာတယ်။ ကြိမ်ဒဏ် လေး၊ ငါးချက် ရိုက်ပြီးတော့ပေါ့နော်။ နောက်ခါ မူးယစ်ဆေးဝါးလာမလုပ်ကြနဲ့ပေါ့။ အဲဒီလိုပြောတာပဲ။ ကျန်တဲ့ကလေးတွေတော့ မလွှတ်သေးဘူးပေါ့လေ” ဟုဆိုသည်။

ဒေသခံတို့၏ ပြောဆိုချက်အရ ထိုနေရာတွင် ဖမ်းဆီးခံခဲ့ရသူများမှာ လူငယ်၊ အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၅၀ ကျော်ခန့်ရှိသည်ဟုသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မိုးညှင်းမြို့ အရှေ့တောင်ဘက်တွင် ယခင်နှစ်များကလည်း လယ်ယာအခင်းလုပ်ကိုင်သူများနှင့် စစ်ကောင်စီ သတင်းပေးဟု စွပ်စွဲခံရသူများ မကြာခဏ ဖမ်းဆီးခံရလေ့ရှိကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ