စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆိုင်းတောင်ကျေးရွာကို ညမထွက်ရ မာရှယ်လောထုတ်ပြန်ထားကြောင်း သိရသည်။

ညနေ ၆ နာရီခန်းမ နံနက် ၆ နာရီအတွင်း အပြင်မထွက်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံပြောနေခြင်းဖြစ်သည်ဟု ဒေသခံ အရောင်းဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်သားတွေလိုက်ပြောနေတာလို့ အသိတစ်ယောက်က ပြောပြလာတာဟုတ်တယ်။ အခုလည်းဘယ်သူမှ မထွက်ရဲကြဘူး စစ်ကောင်စီကလည်း အရပ်ဝတ်တွေနဲ့ ကင်းပတ်နေကြတယ်” ဟုပြောသည်။

တိုက်ပွဲအခြေအနေဆိုးလာပါက မိမိတို့နေထိုင်ရာဒေသမှ ခေတ္တပြောင်းရွေ့ပေးရန် ဒေသခံလက်နက်ကိုင်းတပ်ဖွဲ့များကလည်း လာရောက်ပြောဆိုထားကြောင်း ဆိုင်းတောင်ကျေးရွာတွင် နေထိုင်သော ကျောက်အရောင်းအဝယ်ပြုလုပ်နေသည့် အမျိုးသမီးတစ်ဦးကပြောသည်။

“ကျွန်မတို့နားက လက်နက်ကြီးကျထားတာဆိုတော့ တိုက်ပွဲပြန်ဖြစ်လာရင် ပြောင်းပေးဖို့ KIA က လာပြောဆိုထားတာရှိတယ်။ နှစ်ဖက်တိုက်ပွဲကလည် ပြင်းထန်လာမယ့် အခြေနေမှာရှိတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက မာရှယ်လောကို ထုတ်လိုက်တာ” ဟုသူကပြောသည်။

ဆိုင်းတောင်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားဖြည့်တင်းမှုများနှင့် ဝင်ရောက်တပ်စွဲမှုများ ပြုလုပ်နေပြီး အရပ်ဝတ်များဖြင့် လှည့်လည်နေကြောင်း အသက် ၅၁ နှစ်ခန့်အရွယ်ရှိ မှော်ရှန်ကျေးရွာ ဒေသခံတစ်ဦးကပြောသည်။

“ယူမာကျေးရွာက ကျောက်စိမ်းရုံးထဲမှာလည်း စစ်သားနဲ့ရဲတွေ တပ်စွဲထားတဲ့ပုံစံမျိုးနေနေကြတယ်။ အရပ်ဝတ်တွေနဲ့လည်း သတင်းတွေလိုက်စုံစမ်းနေတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာ ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဗုံးပစ်လောင်ချာနှင့် ကားနှစ်စီး သိမ်းဆည်းရမိခဲ့ပြီး KPDF တပ်ဖွဲ့ဝင်သုံးဦးလည်း ဖမ်းဆီးခံခဲ့ရသည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ