မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ အမျိုးသားတစ်ဦး ယနေ့နံနက် သုံးနာရီခန့်က ပျောက်ဆုံးသွားကြောင်းသိရသည်။

အရက်အလွန်အကျွံသောက်စားသူဖြစ်ပြီး အရက်ဖြတ်လိုက်သဖြင့် စိတ်ကယောင်ချောက်ချားဖြစ်နေသူ ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ညီမတော်စပ်သူက The 74 Media ကိုပြောသည်။

“စိတ်ငြိမ်းဆေးထိုးသေးတယ်ဆိုတော့ အိပ်မယ်လို့ပဲထင်ထားတာ။ ဆေးရုံကနေ ဘယ်လိုထွက်ပြီး ပျောက်သွားမှန်းကိုမသိတာ။ အရက်ဖြတ်ထားတာ လေးရက်လောက်ပဲရှိသေးတယ်။ စိတ်က ပုံမှန်မဟုတ်တာပေါ့။ ပျောက်သွားတဲ့အချိန် ဖိနပ်လည်းမပါသွားဘူး ဖုန်းလည်းပါမသွားဘူး” ဟုပြောသည်။

ပျောက်ဆုံးသွားသူမှာ အသက် ၄၀ နှစ်ခန့်အရွယ်ရှိ ဦးမင်းမင်းထွန်းဆိုသူဖြစ်ပြီး ဟိုပင်မြို့တွင်နေထိုင်ကာ သားသတ်လုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း သိရသည်။

ဦးမင်းမင်းထွန်းသည် ပျောက်ဆုံးချိန်တွင် အပြာနုရောင်အင်္ကျီလက်တိုနှင့် ခဲရောင်ဘောင်းဘီတိုတို့ကို ဝတ်ဆင်ထားပြီး တွေ့ရှိပါက ဖုန်းနံပါတ် ၀၉၄၄၂၁၉၅၇၅၀ နှင့် ၀၉၇၉၅၁၉၅၁၆ သို့ ဆက်သွယ်အကြောင်းကြားစေလိုကြောင်း မိသားစုဝင်များက ဆိုသည်။

မြစ်ကြီးနားမြို့၊ ပလနကျေးရွာမှ ရှစ်တန်းကျောင်းသူတစ်ဦးလည်း ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့က မုန့်သွားဝယ်မည်ဟုဆိုရာမှ ပျောက်ဆုံးသွားပြီး ယနေ့ချိန်ထိပြန်လည်တွေ့ရှိခြင်း မရှိသေးပါ။

သတင်း – Dureng

ပုံ – ပျောက်ဆုံးနေသူ ဦးမင်းမင်းထွန်း။

သင့်ထင်မြင်ချက်ရေးပေးပါ