တစ်ရက်အတွင်း အမျိုးသားနှစ်ဦးပစ်သတ်ခံခဲ့ရသည့် ဖားကန့်မြို့နယ်တွင် ယနေ့ မွန်းလွှဲ ၂ နာရီခန့်က ရွှေဆိုင်ဓားပြတိုက်မှုထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

လုံးခင်းကျေးရွာ ရပ်ကွက် (၂) ရှိ မိုးရတနာရွှေပန်းတိမ်ဆိုင်သို့ သေနတ်များကိုင်ဆောင်ထားသည့် လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ရှိ ရွှေထည်များအားလုံးလုယူသွားခြင်းဖြစ်သည်ဟု‌ ရွှေဆိုင်အနီးနေထိုင်သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သေနတ်အတိုတွေလည်းပါခဲ့တယ် ဆိုင်ဝန်ထမ်းတွေကို ကလစ်နဲ့လက်ပြန်ကြိုးတုတ်ထားပေးတယ်။ ဆိုင်ထဲရှိတဲ့ပစ္စည်းတွေ အကုန် ယူသွားပေးတယ်။ ရွှေနဲ့ ကျောက်ထည်နှစ်ခုပေါင်းရင် သိန်းပေါင်းငါးထောင် ကျော်တယ်လို့ သိရတယ်” ဟုပြောသည်။

ဓါးပြမှုကျူးလွန်ခဲ့သည့် လူငယ်လေးဦးမှာ အသက် ၂၅ နှစ်ခန့်အရွယ်ရှိ ယောက်ျားလေးများဖြစ်ပြီး အင်္ကျီနှင့် ဘောင်းဘီအနက်ရောင်နှင့် ပွိုင့်ဖိနပ်စီးထားကာ ဖုန်ကာများတပ်ဆင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ကလည်း မိုးညှင်းမြို့ နားခါးမြောက်ရပ်ကွက် ဘုရင့်နောင်လမ်းရှိ သမာဓိရွှေဆိုင်သို့ အမျိုးသားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့်ရောက်ရှိလာပြီး သေနတ်ထောက်ကာ ရွှေထည်များကိုလုယူသွားခဲ့သည်။

ဖားကန့်မြို့နယ်တွင် ခိုးဆိုးလုယက်မှုနှင့် လူသတ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ကလည်း ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်ရှိ စင်ကြယ်ရွှေဆိုင်ကို အမည်မသိအမျိုးသား နှစ်ဦးက သေနတ်ဖြင့်ချိန်ရွယ်ကာ ရွှေလက်စွပ် ၁၅၀ ခန့်ကို လုယူသွားခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ