ဖားကန့်မြို့နယ်တွင် ယနေ့တစ်ရက်အတွင်း အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ဖားပြင်ကျေးရွာမှ ဆန်းကြွယ်ကျေးရွာသို့သွားသော လမ်းတွင် ယနေ့ မွန်းလွှဲ ၂ နာရီခွဲခန့်က ဈေးသည်တစ်ဦး ဦးခေါင်းတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ဖားပြင်ကျေးရွာတွင် ဓါတ်ဆီရောင်းချသူတစ်ဦးက The 74 Media ကိုပြောသည်။

“စားစရာမုန့်ထုတ်တွေကို မှော်ဝမ်းဈေးကယူပြီး ဖားပြင်ဘက်မှာ ဖောက်သည်ပြန်သွင်းပေးတဲ့သူ။ ဆိုင်ကယ်မောင်းနေတုန်း ဘေးကနေ ခေါင်းကိုပဲပစ်ထည့်သွားတာ။ လူငယ်ပိုင်းလေးတွေပဲ ဆိုင်ကယ်နဲ့” ဟုပြောသည်။

သေဆုံးသူမှာ မှော်ဝမ်းရေအေးချောင်တွင် နေထိုင်သည့် အသက် ၅၀ ကျော်ခန့်အရွယ်ရှိ ဦးစန်းမြင့်ဆိုသူဖြစ်ပြီး ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာ သုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မမုံစံပြကျေးရွာရှိ ထွန်းဦးစက်သုံးဆီဆိုင်တွင်လည်း ယနေ့ မွန်းလွှဲ ၂ နာရီ ၄၅ မိနစ်ခန့်က ဆိုင်ကယ်ဆီဖြည့်နေသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း အသက် ၄၂ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“ဆီဖြည့်နေတုန်းဝင်ပစ်သွားတာ ခေါင်းတည့်တည့်ကိုပဲ ငါးချက်လောက်ရှိမယ် ပစ်သွားတာ။ ပစ်ခံရတဲ့နေရာမှာတင် ဆုံးသွားတယ်။ သေဆုံးသူရဲ့နေရပ်လိပ်စာကိုတော့ စုံစမ်းနေတုန်းပဲ” ဟုသူကပြောသည်။

သေဆုံးသူမှာ ဦးခေါင်းနှင့် မေးစေ့တို့တွင် ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၃ ရက်နေ့က လုံးခင်းအုပ်စု ကုဋေကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုသန်းမင်းထိုက်ဆိုသူ နားထင်တွင် ပစ်သတ်ခံခဲ့ရပြီး ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ ဆိုင်းဘုတ်အနီးတွင်လည်း အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုအောင်စည်ဖြိုး ရင်ဘတ်တွင် ကျည်ထိမှန်သေဆုံးခဲ့သည်။

ဖားကန့်မြို့နယ်တွင် ယခုတစ်ပါတ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသူ ငါးဦးရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း လုံးခင်းအုပ်စု၊ ကထန်ကျေးရွာတွင် ဆိုင်ကယ်ဖြင့် ရေခဲချောင်းလိုက်ရောင်းနေသည့် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ပစ်သတ်သွားခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ