ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်အစပ်တွေ ယမန်နေ့က စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ် ရွှေသမင်ကျေးရွာမှ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘိုက်သရက်ကျေးရွာနှင့် ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာကြားတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် – BNRA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံကပြောသည်။

“အရာရှိဆိုတာကိုက စနိုက်ပါစာမိသွားတာ။ အနည်းဆုံးခြောက်ယောက်ကျပြီး အထိနာသွားလို့ နမခ က MI -35 နဲ့ နာရီဝက်လောက်လာပစ်ကူခဲ့တယ်” ဟုပြောသည်။

ခြုံခိုတိုက်ခိုက်ခံရသည့်နောက်ပိုင်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟုလည်း သူကဆိုသည်။

ထို့အပြင် မိုးကာအုပ်ကား (၁၀) စီး၊ ဘက်ဟိုး နှစ်စီး၊ စက်ကိရိယာတင်ကား နှစ်စီး၊ အိမ်စီးကားသုံးစီးခန့် ပါဝင်သည့် အဆိုပါစစ်ကြောင်းကို ယမန်နေ့ညနေပိုင်းတွင်လည်း ချင်းတွင်းတိုးနယားအဖွဲ့နှင့် တော်ဝင်နဂါးစစ်ကြောင်းတို့ ပူးပေါင်းကာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ကြောင်း သူကပြောသည်။

အဆိုပါဖြစ်စဉ်တွင် BNRA မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အခြေအနေမစိုးရိမ်ရကြောင်း သိရသည်။

ယနေ့နံနက် ရှစ်နာရီခန့်တွင် အဆိုပါစစ်ကြောင်းသည် ယင်းမာပင်မြို့နယ်၊ သရက်ကန်ကျေးရွာသို့ လက်နက်များ ရမ်းသမ်းပစ်ခတ်နေကြောင်းသိရသည်။

ဆားလင်းကြီးမြို့ စက်မှုလမ်းရှိ အမှတ် (၆) ချည်မျှည်နှင့် အထည်စက်ရုံအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းကိုလည်း ယမန်နေ့ည ၁၀ နာရီခန့်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက နာရီဝက်ခန့်ကြာ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“စကစဘက်ကသေတယ်ဆိုတာကတော့ မနေ့ညကအတည်မပြုနိုင်ခဲ့ဘူး၊ ဒီနေ့မနက်ကမှအတည်ပြုနိုင်ခဲ့တာ၊ ဖရဲသီးသတင်းပေးချက်အရ တစ်ကောင်သေလေးကောင် အပြင်းအထန်ဒဏ်ရာရလို့သိရှိခဲ့တယ်” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် မျိုးဆက်သစ်လူငယ် local PDFနှင့် SRA တပ်ခွဲ-၁၊ တပ်ခွဲ-၂၊ တပ်ခွဲ-၃၊ တပ်ခွဲ-၄တို့ ပူးပေါင်းတိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းမာပင်မြို့နယ်၊ သီတဂူဘုန်ကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်းစီတပ်ဖွဲ့ဝင်ငါးဦး ပြီးခဲ့သည့် အောက်တိုဘာလ ၃ ရက်နေက အပြင်ထွက်လာချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောက်ကျားတိုက်ခိုက်ခဲ့ရာ ဒု – ရဲအုပ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – BNRA

သင့်ထင်မြင်ချက်ရေးပေးပါ