အကွက်ရိုက်ရောင်းချမှုများနေသည့် မြစ်ကြီးနားမြို့တွင် လယ်ယာမြေများပေါ် ကျူးကျော်နေထိုင်ခြင်းများကို ထပ်မံအရေးယူဆောင်ရွက်သွားမည်ဟု ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကပြောကြားကြောင်း ယမန်နေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားသည်။

စိုက်ပျိုးရေးကိုအခြေခံသည့် ပြည်နယ်ဖြစ်သောကြောင့် လယ်မြေများကို တခြားနည်းဖြင့် အသုံးချမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်၊ လယ်ယာမြေများပေါ်အဆောက်အုံတည်ဆောက်ခြင်းနှင့် ကျူးကျော် နေထိုင်ခြင်းများကို ဥပဒေနှင့်အညီ အရေးယူဆောက်ရွက်နိုင်ရေး ပြောကြားခဲ့ခြင်းဖြစ်သည်။

အခြားနည်းသုံးစွဲခွင့် လျှောက်ထားသူများကိုလည်း ခွင့်ပြုချက်မရရှိမီ ကြိုတင်အသုံးပြုပါက လယ်ယာမြေဥပဒေ ပုဒ်မ (၁၉) အရဒဏ်ကြေးပေးဆောင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လယ်ယာမြေဥပဒေပုဒ်မ ၁၉ တွင် ပြစ်ဒဏ်အဖြစ် ဒဏ်ကြေးပေးဆောင်ခြင်းအပြင် လယ်ယာမြေပေါ်မှ နှင်ထုတ်ခြင်းနှင့် ဆောက်လုပ်ထားသော အဆောက်အအုံများကိုဖယ်ရှားခြင်းများ ပြုလုပ်နိုင်ကြောင်း ပါဝင်သည်။

၂၀၂၂ ခုနှစ်နောက်ပိုင်း အုပ်ချုပ်ရေးမှူးများက လက်မှတ်ထိုးပေးခြင်းမရှိသောကြောင့် လယ်ယာမြေ အကွက်ရိုက်ရောင်းချမှုနည်းပါးလာပြီးဖြစ်သော်လည်း အိမ်ဆောက်လုပ်နေထိုင်သူများလည်းရှိကြောင်း လေးနှစ်ခန့် အတွေ့အကြုံရှိသော အိမ်ခြံမြေအကျိုးတော်ဆောင် အမျိုးသမီးတစ်ဦးကပြောသည်။

“အုပ်ချုပ်ရေးမှူးတွေက လယ်ယာမြေဆို မချုပ်ပေးတော့ဘူးလေ။ အရင်နှစ်နဲ့ ဟိုးတစ်နှစ်တုန်းက အကုန်ရိုက်ပြီးသွားပြီ ဝယ်တဲ့သူလည်း အကုန်ဝယ်ပြီးသွားပြီ အရင်ဝယ်ထားကြတဲ့သူတွေကလည်း မထူးဇာတ်ခင်းပြီး အဲ့မှာနေတဲ့သူရှိတယ်။ မရှိမဲ့ ရှိမဲ့စုပြီး ဝယ်ထားတာဆိုတော့။ ပြန်ရောင်းမယ်ဆို အဆင်မပြေတော့ဘူး” ဟုပြာသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များနှင့် အနီးတဝိုက်ရှိကျေးရွာများတွင် လယ်ယာမြေအကွက်ရိုက်ရောင်းချမှု ပိုမိုများပြားလာပြီး အင်ဂျန်ဒုံရပ်ကွက်၊ ရမ်ပူရပ်ကွက်၊ ကြာရာပတ္တီး၊ မန်ခိန်ရပ်ကွက်နှင့် ရွှေစက်ရပ်ကွက်များအပြင် ပ.လ.န ကျေးရွာ၊ ပမ္မတီးကျေးရွာ၊ ရွှေအိုက်၊ နောင်းပုံနှင့် နန်းကွေ့တို့တွင် အများဆုံးတွေ့ရသည်။

လယ်ယာမြေများကို ဥပဒေပါအတိုင်း အခြားနည်းသုံးစွဲခွင့်ရယူခြင်းမရှိဘဲ အကွက်ရိုက်ရောင်းချခဲ့သဖြင့်ဟုဆိုကာ မြစ်ကြီးနားမြို့တွင် ဒေသခံ ၂၀၀ ထက်မနည်း ၂၀၂၃ ခုနှစ်အတွင်း တရားစွဲဆိုခံခဲ့ပြီး ဒဏ်ကြေးငွေများပေးဆောင်ခဲ့ရသည်။

မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် မေလက ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုနေသော ၁၀ ဦးထက်မနည်းကို ဌာနဆိုင်ရာများက တရားစွဲဆိုခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ