ဆိုင်းတောင်အုပ်စု မှော်ရှန်ကျေးရွာရှိ KTV တွင် မွေးနေ့ပွဲသို့ ရောက်ရှိနေသည့် ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တို့ကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာမှ အောက်တိုဘာ ၃ ရက်နေ့က နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားများဖြင့် L&V KTV သို့ရောက်ရှိလာပြီး ဝင်ရောက်ဖမ်းဆီးချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖမ်းဆီးခံရသူများလည်းရှိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်သားတွေကားနှစ်စီးအပြည့်ပဲ နှုတ်တောင်ဆက်သွားသေးတယ်။ သူတို့ KTV နားရောက်တော စပစ်တော့တာပဲ။ နှစ်ဖက်ထိပ်တိုက်ကိုပစ်နေကြတာ PDF တွေဘက်ကလည်း တပ်ကူတွေရောက်လာပြီး ပစ်တာ။ ကားထဲကနေအလောင်းတွေ ထုတ်သွားတာတွေ့ရတယ်” ဟုပြောသည်။

အဆိုပါဖြစ်စဉ်တွင် KPDF တပ်ဖွဲ့က စစ်ကောင်စီတပ်၏ ကားနှစ်စီး၊ ၄၀ မမ ဗုံးပစ်လောင်ချာတစ်လက်နှင့် ဗုံးသီးများ သိမ်းဆည်းရရှိခဲ့သည်။

စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးချိန် KPDF တပ်ဖွဲ့ဝင် သုံးဦးထက်မနည်းဖမ်းဆီးခံရသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရပြီး The 74 Media ကသီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။

ယမန်နေ့ကလည်း ဆိုင်းတောင်ကျေးရွာတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ဆိုင်းတောင်ရပ်ကွက် (၃)ရှိ  အ.ထ.က (ဆိပ်မူ)ကျောင်းနှင့် အနီးတဝိုက်ရှိ ဈေးဆိုင်များ ပိတ်ထားခဲ့ကြောင်း ရပ်ကွက်နေအမျိုးသားတစ်ဦးကပြောသည်။

“စစ်ကြောင်းထိုးလာလို့ ကျောင်းကကလေးတွေကိုလည်း ပြန်လွှတ်လိုက်တယ်။ တစ်ရွာလုံးလည်း တိတ်ဆိတ်နေတာပဲ။ ဘယ်ဆိုင်မှလည်း မဖွင့်ရဲဘူ တိုက်ပွဲပြန်ဖြစ်လာမှာကိုပဲ စိုးရိမ်နေရတယ်” ဟုပြောသည်။

အောက်တိုက်ဘာလ ၃ ရက်နေ့နံနက် ပစ်ခတ်မှုဖြစ်ပွားနေချိန်ကလည်း ကျောင်းအတွင်းပိတ်မိနေသည့် ကလေးနှင့် ကျောင်းသားမိဘများလည်းရှိခဲ့သည်။

ဆိုင်းတောင်ကျေးရွာအုပ်စု မှော်ရှန်ကျေးရွာ ဆိုင်းဘုတ်အနီးတွင် အောက်တိုဘာ ၃ ရက်နေ့ ညနေ ၆ နာရီခန့်က လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ဘွန်ပရာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ထမင်းသွားဝယ်မယ်ဆိုပြီး ကားနဲ့ထွက်သွားတာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ မှော်ရှန်နားရောက်တော့ စစ်သားတွေက ကားမှန်မချဘဲမောင်းလို့ဆိုပြီး ပစ်တာတဲ့။ သူ့ရဲ့သူငယ်ချင်းတော့ လွတ်တယ်” ဟုပြောသည်။

သေဆုံးခဲ့သည့် အသက် ၃၅ နှစ်ခန့်အရွယ်ရှိ ကိုအောင်စည်ဖြိုးဆိုသူမှာ ကျောက်အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူဖြစ်ပြီး ရင်ဘတ်တွင်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း မိသားစုနှင့် နီးစပ်သူများထံက သိရသည်။

အဆိုပါနေ့ မွန်းလွှဲ ၂ နာရီခန့်ကလည်း ဖားကန့်မြို့ လုံးခင်းအုပ်စု ကုဋေကျေးရွာတွင် အချဉ်ပေါင်းရောင်းသည့် အသက် ၃၀ နှစ်ခန့်အရွယ်ရှိ ကိုသန်းမင်းထိုက်ဆိုသူ ဦးခေါင်းနှင့် နားထင်တို့တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာတွင် အောက်တိုဘာ ၃ ရက်နေ့ နံနက် ၁၁ နာရီခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် KPDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီးကျရောက်ပေါက်ကွဲသောကြောင့် လူနေအိမ် မီးလောင်ကာ အချို့မှာ ထိခိုက်ပျက်စီးခဲ့သည်။

သတင်း – Pe Ti

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ