လည်ပင်းတွင်ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ည ၇ နာရီခန့်က မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေစက်ရပ်ကွက် နယ်မြေ (၁) ရှိ ဒေသအခေါ် ရာဘာခြံလမ်းကြားတွင် အမျိုးသမီးတစ်ဦး သွေးအိုင်တွင်မှောက်လျက်‌သေဆုံး‌နေသည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် အသက် (၄၀) ကျော်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“မှောင်လည်းမှောင်နေပြီ ဆိုင်သွားပြီးအပြန် အဲ့လမ်းကြားကို ကြည့်လိုက်တော့ အမျိုးသမီးတစ်ဦးလှဲနေတာတွေ့လိုက်လို့ သွားကြည့်တာ အဲ့လိုဖြစ်နေတယ်။ ရဲတွေရောက်လာမှ အလောင်းကိုရွှေ့ကြည့်တော့ လည်ပင်းမှာ တစ်ခုခုနဲ့လှီးခံထားရတာ ဒဏ်ရာတောင်တော်တော်နက်တဲ့ပုံစံပဲ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၃၆ နှစ်ခန့်အရွယ် အမျိုးသမီးဖြစ်ပြီး လည်ပင်းပြတ်ရှဒဏ်ရာအပြင် ပခုံးတွင်လည်း ပွန်းပဲ့ဒဏ်ရာများရရှိထားကြောင်းသူကပြောသည်။

ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါအမျိုးသမီးမှာ ရွှေစက်ရပ်ကွက် နယ်မြေ (၁၁) တွင်နေထိုင်သူဖြစ်ပြီး ဆန်တော်ဖူးရောင်းကာ အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စု၊ အူးလောက်ကျေးရွာရှိ တစ်သျူးငှက်ပျောစိုက်ခင်းတွင်လည်း ယမန်နေ့ညက အရက်သောက်ရာမှ စကားများရန်ဖြစ်ပြီး အမျိုးသားတစ်ဦး လည်ပင်းလှီးကာ သတ်ဖြတ်ခံခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ