တစ်အိမ်လျှင်တစ်ယောက်နှုန်းဖြင့် ပျူစောထီးတပ်ဖွဲ့သို့ မဝင်မနေရဟုဆိုကာ မိုက်ဖြင့် ကန့်ဘလူမြို့နယ်အတွင်း ယမန်နေ့ည ခုနှစ်နာရီခန့်က ဆော်ဩခဲ့ကြောင်း သိရသည်။

အင်ကြင်းစုကျေးရွာတွင်နေထိုင်သူများကို အမျိုးသားမရှိပါက အမျိုးသမီးများပါဝင်ရန်နှင့် နယ်ဝေးသို့ ရောက်နေသော မိသားစုဝင်များကို နေရပ်ပြန်ခေါ်ရန် ကျေးရွာပျူခေါင်းဆောင်ကနေအိမ်မှ မိုက်ဖြင့် အော်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်းလှသတင်းမှ ကိုမင်းသူက The 74 Media ကိုပြောသည်။

“နယ်ဝေးရောက်နေတဲ့သူတွေကို သုံးရက်အတွင်းပြန်ခေါ်ခိုင်းတာ။ ယောက်ျားတွေမရှိရင် မိန်းမတွေဝင်ရမယ်ဆိုတာက ကျွန်တော်တို့လို့ လူငယ်ယောက်ျားလေးတွေရှိတဲ့ အိမ်တွေဝင်လာအောင်လို့ အကြပ်ကိုင်လိုက်တယ်လို့တော့ ထင်တယ်။ မလိုက်နိုင်ရင်ပိုက်ဆံပေးပေါ့ ခါတိုင်းလည်းအဲ့လိုပဲလုပ်ကြတာ။ အရင်ကလည်း ဆယ်သိန်းဆိုပြီးမဲပေါက်တာ ပေးလိုက်ရတယ်” ဟုပြောသည်။

လက်ရှိပျူစောထီးတပ်ဖွဲ့ဝင်များတွင် အကြပ်ကိုင်ခံထားရသောကြောင့် ပါဝင်နေရသူများလည်းရှိပြီး ကျေးရွာအတွင်းရှိ ပျူခေါင်းဆောင်မှာ ဦးသိန်းထွေးဆိုသူဖြစ်သည်ဟု သူကပြောသည်။

ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် ပြီးခဲ့သည့်နှစ် အောင်ချမ်းသာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆၀) ဦးထက်မနည်း‌‌ သေဆုံးခဲ့ပြီးနောက် တပ်ဖွဲ့ဝင်အင်အားထပ်မံဖြည့်တင်းခြင်းမရှိတော့ဘဲ ဒေသခံများကို သင်တန်းပေးခြင်းနှင့် လက်နက်ထောက်ပံ့ခြင်းများသာလုပ်ဆောင်နေသည်ဟု ကန့်ဘလူမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“စစ်သားအစစ်တော့ ကျွန်းလှနဲ့ ကန့်ဘလူပေါင်း အင်အား ၁၀၀ လောက်ပဲရှိမှာ လက်နက်ကြီးသမားနဲ့ ငါးကြင်းစက်လက်နက်ကိုင်တဲ့သူပဲပါမှာ။ အဓိကတော့ ပျူအင်အားနဲ့ပဲသွားနေတာ ကျွန်တော်တို့ဘက်က ပျူအင်အားတောင့်တယ်ဆိုတော့ သူတို့(စစ်ကောင်စီ)တွေက လက်နက်ပဲချပေးတာ” ဟုပြောသည်။

လက်ရှိအချိန် ကန့်ဘလူမြို့အခြေစိုက် စစ်ကောင်စီတင့်ကားတပ်ရင်း ၆၀၀၆ တွင် ဒေသခံပြည်သူ (၅၀) ခန့်ကို စစ်သင်တန်းပေးနေပြီး နောက်ထပ်သင်တန်းအတွက်လည်း လူသစ်စုဆောင်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၊ ထန်းကုန်းစံပြကျေးရွာရှိ ဒေသခံများကိုလည်း ပြီးခဲ့သည့် မေလ ၁၅ ရက်က မဲနှိုက်စနစ်ဖြင့် မဲပေါက်သူများကို ပျူစောထီးသင်တန်း မဖြစ်မနေတက်ရမည်ဟု ဖိအားပေးစေခိုင်ခဲ့ကြောင်းသိရသည်။

သတင်း – Dureng

ပုံ – ကန့်ဘလူခရိုင်အတွင်းမှ ပျူစောထီးအဖွဲ့ဝင်များကို စစ်ကောင်စီက ထောက်ပံ့ကြေးပေးစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ