ဒေသခံပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဗန်းမော်မြို့တွင် နိုဝင်ဘာလအတွင်း ကချင်ရိုးရာမနောင်ပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က မနောင်တိုင်နှင့် မနောင်ကွင်းအဝင် မုခ်ဝဖျက်ဆီးခံခဲ့ရသဖြင့် ပြန်လည်ပြုပြင်ပြီးစီးသော အထိမ်းအမှတ်ဖြင့် ကချင်တိုင်းရင်းသားစာပေနှင့်ရိုးရာယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ကာသုံးရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီမှ အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဖျက်ဆီးခံရတဲ့ဟာနဲ့ ပြင်ပြီးတဲ့အထိမ်းအမှတ်ဖွင့်ပွဲအနေနဲ့ လုပ်သွားဖို့စီစဉ်တာ။ ဘယ်အတိုင်းအတာအထိ လုပ်မယ်ဆိုတာတောင် မဆုံးဖြတ်နိုင်သေးတဲ့အခြေအနေ၊ ဘယ်လိုပုံစံ လုပ်သွားမလဲဆိုတာ အတိအကျတော့ မသိသေးဘူး။ လိုအပ်နေတဲ့ ငွေကြေးကြိုးစားပြီးရှာဖွေနေတဲ့ အနေအထားပဲရှိသေးတယ်” ဟုပြောသည်။

ပွဲတော်တွင် ရိုးရာပြိုင်ပွဲများအပြင် အနုပညာရှင်များဖြင့် ညအစီစဉ်များလည်း ပြုလုပ်သွားမည်ဖြစ်ပြီး လက်ရှိမနောင်တိုင်တွင်ရေးဆွဲထားသော ရိုးရာအမှတ်အသား (Maka) များကိုလည်း ပညာရှင်ဖိတ်ကြားကာရေးဆွဲခဲ့ကြောင်း သူကဆက်ပြောသည်။

“Maka (ရိုးရာအမှတ်အသား) တွေကို အများကြီးစုထားတဲ့ maka ဟုတ်တယ်။ အဲ့မနောင်တိုင်နဲ့ဆိုင်တာကိုတော့ ပညာရှင်ကိုလုပ်ခိုင်းပြီး ကော်မတီဝင်တွေက အတည်ပြုပေးတာ။ အဲ့နယ်မြေက လဖိုင်မျိုးတွေပိုင်တဲ့ နယ်မြေလို့ သိထားတယ်ဆိုတော့ လဖိုင်မျိုးတွေနဲ့ဆိုင်တဲ့ မနောင်ဖြစ်လောက်မယ်” ဟုပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ဗန်းမော်မြို့ နှစ်မိုင်အောင်သာရပ်ကွက်ရှိ မနောကွင်းတွင် (အင်လုံအင်နန်)ကောက်သစ်စားရိုးရာဆွတ်မနောပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မနောင်ပွဲတော်နှင့်ပတ်သက်ပြီး စက်တင်ဘာလက စစ်ကောင်စီ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ကချင်ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်တို့က ဗန်းမော်မြို့ရှိ လူမျိုးစုခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ကြောင်း ဒေသခံများထံက သိရသည်။

တစ်ဦးတစ်ယောက်ပျော်ရွှင်ရန်အတွက် ကချင်လူမျိုးများသာမက တစ်နိုင်ငံလုံးရှိ ပြည်သူများက ဆင်းရဲဒုက္ခကြုံတွေ့နေရသည်ကိုဥပေက္ခာပြုကာ ပွဲမကျင်းပသင့်ကြောင်းနှင့် ကိုယ်တိုင်လည်း ပါဝင်ဆင်နွဲမည်မဟုတ်ကြောင်း အသက် ၅၀ နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မပျော်မရွှင်ဖြစ်နေတဲ့အချိန်၊ တိုင်းပြည်ဒုက္ခရောက်နေတဲ့အချိန် အဲ့လိုလုပ်တာက မကောင်းဘူး၊ မသင့်တော်ဘူးလေ၊ အားလုံးလည်း အဲ့လိုပဲပြောနေကြတာ။ နိုင်ငံရေးကောင်းတဲ့အချိန် လုပ်တာကတော့ ဘာပြဿနာမှမရှိဘူး။ အဲ့တာက ကျွန်တော်တစ်ယောက်တည်းရဲ့အမြင် မဟုတ်ဘူး။ အခုကကျွန်တော်တို့ပျော်နေတာမှမဟုတ်တာ၊ အားလုံးကမျက်ရည်တွေနဲ့ ဒုက္ခရောက်နေကြတာ” ဟု ပြောသည်။

အဆိုပါပွဲမှာ စစ်ကောင်စီက တော်လှန်ရေးသွေးအေးအောင်လုပ်ဆောင်နေခြင်းဖြစ်ပြီး ပါဝင်ဆင်နွဲခြင်း ရှိ၊ မရှိမှာလည်း ပြည်သူတစ်ဦးချင်း၏ခံယူချက်ဖြင့်သာ သက်ဆိုင်နေကြောင်း အသက် ၃၀ ကျော်ခန့်အရွယ်ရှိ ဗန်းမော်ဒေသခံအမျိုးသားတစ်ဦး ပြောသည်။

“တော်လှန်ရေးကို သွေးအေးအောင်လုပ်ပြနေတာ ဗန်းမော်ဆိုတာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့သာပြောတာ ဘောမတဲ့နေရာမှာ ပထမမြို့လိုသွားဖြစ်နေတာ။ အဲ့တာကြောင့် ခက်ထိန်နန်တို့လည်း အမြဲတမ်းလာတယ်။ မှောင်ခိုမြို့လေ စီးပွားရေးသမားတွေဆိုတော့ ရှင်းပါတယ်၊ ဟိုဘက်ကပ် ဒီဘက်ကပ် အခုလည်းအဲ့လိုပဲသွားလိမ့်မယ်” ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလကလည်း အဆိုပါမနောကွင်းတွင် ကောက်သစ်စားပွဲနှင့် ဆွတ်မနောပွဲကို ကျင်းပရန်ပြင်ဆင်နေချိန် ဗန်းမော်ခရိုင်နှင့်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအတွင်းရေးမှုးများနှင့် မြို့နယ်ရဲမှူးတို့ကဦးဆောင်ကာ ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ