ဝိုင်းမော်မြို့အဝင်ဆိုင်းဘုတ်အနီးတွင် အုပ်စုဖွဲ့ဓားထောက်လုယက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းမ ဝိုင်းမော်မြို့အထွက်ရှိ ကြိုဆိုပါ၏ဆိုင်းဘုတ်နှင့် ခါးရှီကျေးရွာအဝင် လမ်းမအနီးတွင် စက်တင်ဘာလ ၂၉ ရက်နေ့က အမျိုးသားတစ်ဦးကို ဆိုင်ကယ်ဖြင့်တိုက်ကာ ဓားထောက်ပြီး လုယက်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဦးဇုန်းဘောမ်က The 74 Media ကိုပြောသည်။

“အိမ်ပြန်လာတဲ့အချိန်ခံရတာ ကျွန်တော်က ဒီအတိုင်းမောင်းနေတာကို ဆိုင်ကယ်နှစ်စီးထွက်လာတာ၊ တစ်စီးကကျွန်တော့ကိုတိုက်လိုက်တာ ပြီးရင်တစ်ယောက်က တစ်ပေလောက်ရှည်တဲ့ ဓားနဲ့ဗိုက်ကို ချိန်ထားပြီး ဖုန်းထုတ်ခိုင်းတယ် ဆိုင်ကလုန်းဆိုင်ကယ်လည်းယူသွားတယ်” ဟုပြောသည်။

လုယက်သူများမှာ အသက် (၂၀) ကျော်ခန့်အရွယ်ရှိ ပိန်သောခန္ဓာကိုယ်ရှိသည့် ယောက်ျားလေး လေးဦးဖြစ်ပြီး တစ်ဦးမှာလည်ပင်းတွင် ဆေးမင်ကြောင်များထိုးထားကြောင်း သူကပြောသည်။

လမ်းတွင် လူပြတ်နေသောအချိန်တွင် အုပ်စုဖွဲ့ကာ ဓားထောက် လုယက်လေ့ရှိကြောင်း ပြီးခဲ့သည့် မေလခန့် ကိုယ်တိုက်ကြုံတွေ့ခဲ့ရသူ ဦးဇော်ဂွန်းက ပြောသည်။

“ကျွန်တော့်ကိုဆိုင်ကယ်နဲ့ပတ်ပြီး တားလိုက်တာ ခြောက်ယောက်လောက်ထင်တယ်။ လုတာကနှစ်ယောက်၊ လမ်းမကြီးမှာဆိုလည်း ဓားထောက်ထားတော့ အော်လို့လည်းမရဘူး။ အဲ့မနက် ဝိုင်းမော်ကထုတ်လာတဲ့ပိုက်ဆံ သိန်း (၅၀) ပါသွားတယ်။ ဆိုင်ကယ်ကိုတော့ အရမ်းတောင်းပန်လို့ ပြန်ထားပေးတယ်” ဟုပြောသည်။

ယခုနှစ်အတွင်း အုပ်စုဖွဲ့ ဓားထောက်လုယက်မှု ပိုမိုအဖြစ်များလာပြီး ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့ကလည်း ဝိုင်းမော်မြို့ သာဂရ ရပ်ကွက် (၅) ရှိ နေအိမ်တစ်ခုတွင် မျက်နှာဖုံး (mask) များ ဝတ်ဆင်ထားသည့် လူငယ်ခြောက်ဦးက ပစ္စတိုသေနတ်နှစ်လက်ကိုင်ဆောင်ကာ အိမ်အတွင်းရှိနေသူများကို ကြိုးတုတ်ကာ ငွေကျပ်သိန်းထောင်ချီ လုယူသွားခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

သတင်း – Doi Awng

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ