မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာအုပ်စုတွင် ယမန်နေ့ည ၁၀ နာရီခွဲခန့်က အမျိုးသားတစ်ဦး လည်ပင်းလှီးကာ သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

တာလောကြေီးကျေးရွာအုပ်စု၊ အူးလောက်ကျေးရွာရှိ တစ်သျူးငှက်ပျောစိုက်ခင်းတွင် အရက်သောက်ရာမှစကားများရန်ဖြစ်ပြီးနောက် အိပ်နေချိန်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်ဟု မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အရက်သောက်ပြီး စကားများတာပေါ့ ပြီးရင်ကိုယ့်တဲကိုယ်ပြန်သွားအိပ်နေတဲ့အချိန် တခြားတစ်ယောက်က မကျေနပ်လို့ ငှက်ပျောမှာသုံးတဲ့ တံစဉ်နဲ့လည်ပင်းကို လှီးပေးလိုက်တာ သွေးထွက်လွန်ပြီးသေသွားပြီ” ဟုပြောသည်။

ကျူးလွန်ခဲ့သူ အမျိုးသားကိုလည်း တာလောကြီးကျေးရွာအုပ်စုမှတာဝန်ရှိသူများက ခေါ်ဆောင်သွားကြောင်း သူကပြောသည်။

သေဆုံးခဲ့သူမှာ အသက် ၃၈ နှစ်ခန့်အရွယ်ရှိ ကိုကျော်နိုင်ဆိုသူဖြစ်ပြီး ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စုတွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့က အချင်းချင်း စကားများရန်ဖြစ်ရာမှ အသက် ၃၆ နှစ်ခန့်အရွယ်ရှိ ကိုအောင်မင်းလှိုင်ဆိုသူမှာ ကျောက်တူးရာတွင် အသုံးပြုသော သံတိုင်ဖြင့် မသေမချင်းရိုက်သတ်ခံခဲ့ရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – မွန်မြတ်စေတနာလူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ